ထားဝယ် မတ် 6
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၄ ခုနှစ်၊ တပေါင်းလပြည့်နေ့၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီဦးမြတ်ကိုl တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးl တိုင်းဒေသကြီးဝန်ကြီးများနှင့် တက်ရောက်လာသော ဧည့်သည်တော်များက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး မင်္ဂလာဝိုင်းတော်အဖွဲ့က ထူးမခြားနားသီချင်းဖြင့် သီဆိုပူဇော်ကာ နိုင်ငံတော်ဩဝါဒါစရိယ၊ ထားဝယ်မြို့၊ ဇေယျဝတီစာသင်တိုက်၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တသူရိယထံမှ (၈) ပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသော အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီဦးမြတ်ကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၇) ပါးအား တိုင်းဒေသကြီးအစိုးရအဖွဲ့က ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး တာဝန်ရှိသူများက သံဃာတော်များနှင့် သီလရှင်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ နိုင်ငံတော်ဩဝါဒါစရိယ၊ ထားဝယ်မြို့၊ ဃောသိတာရာမပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တပညာသာမိဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ ကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
၄င်းနောက် တက်ရောက်လာကြသော ဧည့်သည်တော်များက ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြပြီး မင်္ဂလာဝိုင်းတော်အဖွဲ့က အောင်စေပိုင်စေဓမ္မတေးဖြင့် သီဆိုပူဇော်ကာ သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆန် စိမ်းလောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)