မိုးကောင်း မတ် ၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှအသက်(၂)နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ဆုံဆို့-ကြက်ညာ-မေးခိုင်- အသည်းရောင်အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက် ရောင်ကာကွယ်ဆေးများကို မွေးစမှ(၂)လ၊ (၄)လ၊ (၆)လ၊ (၉)လနှင့် တစ်နှစ်ခွဲကလေးငယ်များအား အသက်အရွယ် အလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထအကြိမ်အဖြစ် ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းများကို မတ်လ(၄)ရက်မှ စတင်ထိုးနှံလျက်ရှိပြီး နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီထိ တစ်ကြိမ်၊ နေ့လယ်(၁)နာရီမှ ညနေ(၃)နာရီထိတစ်ကြိမ် မြို့ပေါ်ရှိ (၁၀)ရပ်ကွက်အား ရပ်ကွက်အလိုက် ထိုးနှံပေးကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)