တောင်ကြီး မတ် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း) စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေနှင့် လယ်ယာမြေ ဥပဒေတို့အရ စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ ပဉ္စမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၈ နာရီက တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ဒေါ်ခင်သိန်းကျောင်းဆောင်ခန်းမ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေ၏ အဓိက ရည်ရွယ်ချက်ဖြစ်သည့် တည်ဆဲဥပဒေများအရ စာချုပ်စာတမ်းများ တရားဝင်ဖြစ်စေရေး၊ ပြည်သူလူထု၏ ပစ္စည်းလွှဲပြောင်းမှုများ၊ တရားဝင်ဖြစ်စေရေးနှင့် ပြည်သူလူထုအား လိမ်လည်မှုမှ အကာအကွယ်ပေးနိုင်ရေး၊ လုပ်ငန်းရပ်များကို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတစ်ရပ်အဖြစ် ဥပဒေနှင့်နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ မှန်ကန်တိကျစွာ ဝန်ဆောင်မှုပေးရန်လိုကြောင်း၊ လယ်ယာမြေဥပဒေအရ ရောင်း၊ပေါင်၊လဲ၊ငှား ပေးစာချုပ်စာတမ်းများကိုလည်း မှတ်ပုံတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါ ဝန်ဆောင်မှုလုပ်ငန်းများသည် တောင်သူလယ်သမားများ၏ အကျိုးစီးပွားဖြစ်ထွန်းမှုနှင့် အခွင့်အရေးများကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ပေးနေခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (ရုံးချုပ်)၊ ကြေးတိုင်၊ စီမံကိန်းနှင့် သုတေသနဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သိန်းက စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေနှင့် လယ်ယာမြေဥပဒေတို့အရ စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းဆွေးနွေးရာ ဆွေးနွေးချက်များအပေါ် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် အရာထမ်း၊အမှုထမ်းများက ပြန်လည်ဆွေးနွေးကြသည်။
အဆိုပါ စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ ပဉ္စမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို တစ် နိုင်ငံလုံးတွင် ဇုန်နယ်မြေ(၅)ခုခွဲခြား သတ်မှတ်၍ ကျင်းပခဲ့ရာ တောင်ကြီးမြို့၌ ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲသည် ပဉ္စမဇုန်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဦးသက်နိုင်ဦး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (ရုံးချုပ်)၊ ကြေးတိုင်၊ စီမံကိန်းနှင့် သုတေသနဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးမြင့်သိန်း၊ ရှမ်းပြည်နယ် လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းဝင်း၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်မှူး လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့ နယ်ဦးစီးဌာနမှူးများ၊ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်/မြို့ရုံးများမှ သင်တန်းသူ/ သင်တန်းသား(၁၈၃)ဦး တက်ရောက်ဆွေးနွေးကြကာ ကယားပြည်နယ်အတွင်းမှ သင်တန်း သား/သင်တန်းသူများအနေဖြင့် Video Conferencing စနစ်ဖြင့် တက်ရောက်ကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၄ ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ(၂) ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)