ဗိုလ်ပန္တကုန်းတော် မဟာဝံသ ဗုဒ္ဓဂယာစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ရွှေထီးတော်တင်လှူ ပူဇော်ပွဲ ကျင်းပ

ကျောက်တလုံး  မတ် ၅

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ အထူးဒေသ(၆)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၌ တည်ထားကိုးကွယ်သည့် ဗိုလ်ပန္တကုန်းတော် မဟာဝံသ ဗုဒ္ဓဂယာစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ရွှေထီးတော် တင်လှူပူဇော်ပွဲကို ယမန်နေ့ နံနက်(၇)နာရီခွဲက အဆိုပါ ဗိုလ်ပန္တကုန်းတော်၌ ကျင်းပသည်။

အခမ်းအနားတွင် ဆရာတော်၊သံဃာတော်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး အမှူးပြုသော ဧည့်ပရိတ်သတ်တို့က "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဝဏ္ဏကျော်ထင် ဦးအောင်ခမ်းထီက သမ္မာဒေဝနတ်ဗြဟ္မာအား ပင့်ဖိတ်ပေးသည်။

ဆက်လက်၍ တောင်ကြီးမြို့၊ မူလမင်းကွန်းကျောင်းတိုက် ဦးစီပဓာန နာယက နိုင်ငံတော်သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသီရိထံမှ ပရိတ်သတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ပေးကြသည်။

ထို့နောက် ဗိုလ်ပန္တကုန်းတော် မဟာဝံသ ဗုဒ္ဓဂယာစေတီတော်မြတ်ကြီး စိန်ဖူးတော်များကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့က ဆရာတော်သံတော်များထံ ဆက်ကပ်ပေးကြပြီး ရွှေထီးတော်နှင့် ဘုံအဆင့်တို့ကို ပြည်နယ် တရားလွတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူ ဒါယကာများတို့က ဆရာတော်၊သံဃာများအား ဆက်ကပ်ပေးကြသည်။

၎င်းနောက် တောင်ကြီးမြို့ မူလမင်းကွန်းကျောင်းတိုက် ဦးစီးပဓာန နာယက နိုင်ငံတော်သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသီရိဆရာတော်ထံ ရေစက်ညွှန်းတရား နာယူ၍ အမျှပေးဝေကြပြီး ဗိုလ်ပန္တကုန်းတော် မဟာဝံသဗုဒ္ဓဂယာစေတီ စိန်ဖူးတော်နှင့် ရွှေထီးတော်များကို ဆရာတော်များ၊ အလှူဒါယကာများ၊ဥပသိကာများ ထံပြန်လည်အပ်နှံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ PNOအထူးဒေသ(၆) အဖွဲ့ဥက္ကဋ္ဌ ဦးပီတာထွန်းနိုင်တို့က စိန်ဖူးတော်တို့ကို ပင့်ဆောင်၍လည်းကောင်း၊ ကြာကလပ်နှင့်ပန်းလယ်တိုင်ကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ PNO အထူးဒေသ(၆) စစ်ကော်မတီအတွင်းရေးမှူး၊ PNO ပါတီအတွင်းရေးမှူးချုပ်နှင့် တွဲဘက်အတွင်းရေးမှူးတို့မှ ပင့်ဆောင်၍လည်းကောင်း၊ ငှက်ပျောဖူးကို ပြည်နယ်တရားလွတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးထီးတော်အလှူရှင်တို့က ပင့်ဆောင်၍ လည်းကောင်း၊ အရံစေတီကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူဒါယကာများ၊ ဥပသိကာများတို့မှ ပင့်ဆောင်ပေး၍ မဟာဝံသဗုဒ္ဓဂယာစေတီကို လက်ယာရစ်(၁)ပတ် ပင့်ဆောင် ပူဇော်ကြပြီး မင်္ဂလာကျရောက်ချိန်တွင် ရွှေထီးတော်ဘုံဆင့်များ၊ စိန်ဖူးတော်တို့ကို တင်လှူပူဇော်ပေးကြကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး )