တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာနတွင် အခြေခံကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်းဆင်းပွဲ ကျင်းပ

တောင်ကြီး  မတ် ၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိရေးအတွက် အစဉ်ကြိုးစားဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် အခြေခံကွန်ပျူတာနှင့်အင်္ဂလိပ်စာသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သင်တန်းဆင်းပွဲအခမ်းအနားကို လူထုအခြေပြုဗဟိုဌာန(Community Centre)၊ တောင်ကြီး၊ ဘက်စုံသုံးခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးညွန့်ရွှေက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် မိမိတို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန် (၃)ရပ်ဖြစ်သည့် ပြန်ကြားပေးရန်၊ အသိပညာပေးရန်၊ ဖျော်ဖြေပေးရန် ဟူသည့်ရည်မှန်းချက်တာဝန်များကို ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများနှင့် ပေါင်းစပ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်များအနေဖြင့် ခေတ်နှင့်လျော်ညီသည့် Internet, Computer, English (ICE)ပညာများကိုတတ်ကျွမ်းရန်လိုအပ်ပြီး အဆိုပါ ပညာများကို အခမဲ့သင်ယူနိုင်ရန်အတွက် ယခုကဲ့သို့ သင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ယခုသင်တန်း တက်ရောက်ပြီးစီးပါက လက်တွေ့လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိနိုင်ရန် Public Relations၊ ပြည်သူ့ဆက်ဆံရေးပညာများကိုလည်း တတ်မြောက်ထားကြရန် လိုအပ်ကြောင်း၊ ရှင်မဟာသီလဝံသ၏ "သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓါ" အက္ခရာစွဲသုံး ဤရှစ်လုံးကို သီကုံးပန်းအသွင် နေ့တိုင်းဆင်လော့ ဟူသည့်ဆုံးမစကားနှင့်အညီ ကြားနာခြင်း၊ ကြံစည်ခြင်း၊ မေးမြန်းခြင်း၊ ပြောဆိုခြင်း၊ စူးစမ်းဆင်ခြင်ခြင်း၊ ရေးသားခြင်း၊ လေ့ကျင့်ခြင်း၊ နှုတ်ငုံဆောင်ခြင်း စသည့် အလေ့အကျင့်များကိုလည်း ထာဝစဉ်မှတ်သားလိုက်နာကြရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဦးစီးမှူးက အခြေခံအင်္ဂလိပ်စာသင်တန်းတွင် သင်တန်းသားထူးချွန်ဆုရ မအေးသုခခိုင်အား ဂုဏ်ပြုဆုနှင့် အခြေခံအင်္ဂလိပ်စာသင်တန်းဆင်း လက်မှတ်များကို လည်းကောင်း၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်ရွှေရွှေမြင့်က အခြေခံကွန်ပျူတာ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ကိုလည်ကောင်း၊ တောင်ကြီးခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်းက သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြကြောင်းနှင့် သင်တန်းသားများကိုယ်စား သင်တန်းသူ မအေးသုခခိုင်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

ဇော်နိုင်လင်း