ဟားခါး မတ် ၄
ချင်းပြည်နယ်၊ ဟားခါးမြို့၌ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ ဂုဏ်ပြုအထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ အမှတ်(၁) အခြေခံပညာအထက်တန်း၊ ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ တက်ရောက်အမှာစကား ပြောကြားသည်။
အဆိုပါ အခမ်းအနားတွင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်လှက ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် ( ၇၅ ) နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုသည့် အခမ်းအနား ဖြစ်ပါကြောင်း၊ ထူးချွန်သူများရဲ့ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း စာမူလက်ရာများကို ၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီ ၂၀ ရက်နေ့ ချင်းအမျိုးသားနေ့ အခမ်းအနားတွင် ဂုဏ်ယူဝင့်ကြွားစွာ ပြသနိုင်ခဲ့ကြောင်း၊ ချင်းအမျိုးသားနေ့ အခမ်းအနားကို တက်ရောက် လာကြသည့် နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် အကြီးအကဲအားလုံးက ထူးချွန်သူ ( ၃၆ ) ဦး၏ စာမူလက်ရာများကို စိတ်ဝင်တစား ကြည့်ရှုကြတာကိုလည်း တွေ့မြင်ခဲ့ရကြောင်း၊ အဆိုပါလူကြီးများ၏ ကြည့်ရှုအားပေးမှုကိုလည်း မြန်မာ့အသံသတင်းများ အထိ ပါဝင်ခဲ့ပြီး ထုတ်လွှင့်ပြသခဲ့တာကိုလည်း ကြည့်မြင်ခဲ့ရကြောင်း ၊ နောင်အခါမှာလည်း ယခုလို တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာတို့ ဆက်လက်လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်မောင်လွင်က ဂုဏ်ပြုဆုပေးအပ်သည့်အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြပြီး ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှညွှန့်မှ ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် (၇၅)နှစ်မြောက် ချင်းအမျိုးသားနေ့ဂုဏ်ပြုအထိမ်းအမှတ် အခြေခံပညာအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ ၊ ဟားခါးတက္ကသိုလ်မှ ဆရာကြီး ၊ ဆရာမကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုလွှာနှင့် ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ဟားခါးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီက အလှူငွေပေးအပ်ရာ အခြေခံပညာမူလတန်းကျောင်း ရဲကုန်းမှ တာဝန်ခံဆရာမ ဒေါ်အိပိုခင်က လက်ခံရယူသည်။
ထို့နောက် ထူးချွန်ကျောင်းသား / ကျောင်းသူများကိုယ်စား ထူးချွန်ဆုရရှိသူတစ်ဦးက ကျေးဇူးတင် စကား ပြောကြားပြီး ပြည်နယ်ဝန်ကြီး ၊ ဧည့်သည်တော်များနှင့် ဆုရရှိသည့် ကျောင်းသား ၊ ကျောင်းသူများ မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးဝန်ကြီးနှင့်အတူ တက်ရောက်လာကြသည့်တာဝန်ရှိသူများ၊ ထူးချွန်ကျောင်းသား/ကျောင်းသားများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ခရိုင် ( ပြန် / ဆက် )