မက်မန်း မတ် ၄
ရှမ်းပြည်နယ် (အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ပေါ် ရပ်ကွက်များတွင် အသစ်တိုးချဲ့ထားသည့် မြို့တွင်းရေပိုက်လမ်းကြောင်းများအား ရေပေးဝေနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနက ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ်လ ၄ ရက်နေ့ထိ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် “ လွယ်ဟိုလာ (ရေထွက်)ကလာတဲ့ ရေပိုက်လိုင်းတွေ ကောင်းမွန်မှုရှိ/ အဘယ ဘုရားကုန်းတော် (ရေစုကန်)မှာ ရေရောက်/ မရောက် အမြဲတမ်း စစ်ဆေးပါကြောင်း၊ အခုက မက်မန်းမှာ လူဦးရေတိုးလာတာဆိုတော့ ရေပိုက်လိုင်း အသစ်တွေ တိုးချဲ့ရမှာဖြစ်တဲ့အတွက် တိုးချဲ့ ရေပိုက်လိုင်းတွေ ရေစီးရေလာကောင်းမွန်မှုရှိအောင်လို့ ယခုလို မြေပြင်ကြိုတင်ကွင်းဆင်း စစ်ဆေးရတာဖြစ်ကြောင်း” မက်မန်းမြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝေယံထွန်းက ပြောကြားသည်။
မက်မန်းမြို့သို့ပေးဝေနေသည့် (လွယ်ဟိုလာ)ရေထွက်မှ အဘယဘုရား ကုန်းတော် ( ရေစုကန်) အထိ ရေပိုက်လိုင်းများအား ရေရရှိမှုနှင့် ရေစီးရေလာကောင်းမွန်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ရေစုကန်မှ ကွန်းဟောင်းကျေးရွာအထိ တိုးချဲ့ရေပိုက်လိုင်းများအား ရေပေးဝေနိုင်ရေးအတွက် မြို့နယ်စည်ပင် သာယာရေးဦးစီးဌာနမှဝန်ထမ်းများက မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
အေးဝင်းစိုး(ခရိုင်၊ ပြန်/ဆက်)