အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့ ပုဏ္ဏားကျွန်းမြို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ပုဏ္ဏားကျွန်း မတ် ၄

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူ၊ သမားတော်ကြီးများ ဦးဆောင်သည့် နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ လောကမာရဇိန် ဘုရားကြီးဗိမာန်တော်၌ အခြေချပြီး ရဟန်း၊ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့်ဒေသခံပြည်သူများကို မတ်လ ၂ ရက်နေ့၊ နံနက်ပိုင်းမှစတင်ကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ (အခမဲ့) ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါဘုရားကြီး ဗိမာန်တော်တွင် ယနေ့နံနက်(၈)နာရီကစ၍ ဒေသခံပြည်သူ ၄၀၆ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့၊ ပါရဂူ၊ သမားတော်ကြီးများက ဦးဆောင်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၂၀)အုပ်စုမှ ဒေသခံပြည်သူ ၄၀၆ ဦးတို့ကို မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နား/နှာခေါင်းရောဂါ၊ ကလေးရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး၊ ECG နှင့်အမ်ထရာဆောင်းစက်တို့ဖြင့် ရောဂါရှာဖွေ စမ်းသပ်ကုသမှုလုပ်ငန်းများအား(အခမဲ့)ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆေးကုသပေးနေမှုတို့ကို တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းကူညီဆောင်ရွက်ပေးခဲ့ပြီး၊ နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များနှင့် စေတနာ့ဝန်ထမ်းများ၊ ပရဟိတလူမှုရေး အသင်းအဖွဲ့တို့က လိုအပ်သည့်နေရာများတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)