မောက်မယ်မြို့နယ်၌ ရာသီစာသံလွင်ရွက်နု(ဖတ်မန်း)ခူးချိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ

မောက်မယ် မတ် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းက ဒူးကြီးကျေးရွာအုပ်စုရှိ ဒေသများနှင့် ဝမ်စလောင်းကျေးရွာ အနီးအနား ပတ်ဝန်းကျင်တစ်ဝိုက်ကျေးရွာများမှ ရာသီပေါ် သံလွင်ရွက်(ခေါ်)ရှမ်းအခေါ်(ဖတ်မန်း)ရွက်များ ရှာဖွေခူးဆွတ်ရောင်းချခြင်းဖြင့် လုပ်ကိုင်စားသောက်နေသည့် ပြည်သူများ မိသားစုစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာဖွေပေးနေကြကြောင်း သံလွင်ရွက်(ဖတ်မန်း)ရွက် ခူးဆွတ်ရောင်းချသူများထံမှ သိရသည်။

သံလွင်ရွက်(ဖတ်မန်း)ရွက်သည် မောက်မယ်မြို့နယ်အတွင်းက ဒူးကြီးကျေးရွာအုပ်စုဒေသများနှင့် ဝမ်စလောင်းကျေးရွာအနီးအနား ပတ်ဝန်းကျင်တစ်ဝိုက်တွင်သာ ပေါက်ရောက်သည် သစ်ဥ၊ သစ်ဖု ရှာဖွေခူးဆွတ် ရောင်းချသူများသည် ဘိုးစဉ်ဘောင်ဆက် ကဒူးကြီးတောကိုအမှီပြု၍  ရာသီပေါ်သီးနှံ အမျိုးမျိုးကိုရှာဖွေ တူးဖော်ဆွတ်ခူးရောင်းချနေသည့် ကျေးရွာများဖြစ်ကြရာ သံလွင်ရွက်(ဖတ်မန်း)ရွက်သည် နှစ်စဉ်မတ်လ ဆန်းပိုင်းတွင် စတင်ထွက်ရှိပြီး ရှမ်းပြည်နယ်တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင်သာ ပေါက်ရောက် သည့် ရှားပါးအရွက်ဖြစ်ပြီး ကျန်နေရာဒေသများတွင် ပေါက်ရောက်ခြင်းမတွေ့ရကြောင်း သံလွင်ရွက် (ဖတ်မန်း)ရွက်သည် ချိုမြိန်သောအရသာရှိကာ ဟင်းရည်အဖြစ်လည်းကောင်း အမျိုးမျိုးကြော်/ချက်စား ၍လည်းအရသာကောင်းမွန်လှသည်။ ယခုနှစ်တွင်  သံလွင်ရွက်(ဖတ်မန်း)ရွက် (၁)ပိဿာလျင်ကျပ်(၁၂၀၀၀)ဖြင့် မောက်မယ်စျေး/လင်းခေးစျေး/ဝမ်ဟတ်စျေး ၅ ရက်တစ်စျေးသို့လည်းကောင်း ရပ်ကွက်/ကျေးရွာအတွင်း လှည့်လည်ရောင်းချခြင်းဖြင့်လည်းကောင်း မတ်လကုန်ခါနီး လှိုင်လှိုင်ပေါ်ချိန် တွင်တောင်ကြီးသို့ တင်ပို့ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိနေကြကြောင်း သံလွင်ရွက်(ဖတ်မန်း)ရွက် ရောင်းချသူများထံမှ ရှင်းပြ၍ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)