စမ်းချောင်း မတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့်စာစစ်ဌာနဖြစ်သည့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှယမန်နေ့နံနက်ပိုင်း အချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဖြိုးဝင်းသူဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်(၃)ဦးပါဝင်သည့် မီးသတ်တပ်ဖွဲ့ဝင်များသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ၏ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဘူးများထားရှိမှု စနစ်တကျရှိ/မရှိ၊ မီးကြိုးများကောင်းမွန်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့်ကျောင်းသား ကျောင်းသူ(၂၇၀)ဦးရှိပြီး ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ၏မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြိုတင်သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နီလာစိုး