မြစ်ကြီးနား မတ် ၄
ကချင်ပြည်နယ် အမျိုးသမီးကော်မတီကကြီးမှူး၍ အမျိုးသမီးများဘဝမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ (၁/၂၀၂၃) အောင်မြင်ပြီးမြောက်ခြင်း အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးရှိ ပန်းခင်းခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကချင်ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အလုပ်ရုံ ဆွေးနွေးပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့မှုနှင့် ပတ်သက်၍ အမှာစကားပြောကြားကာ အလုပ်ရုံဆွေးနွေးပွဲတွင် ဆုရရှိခဲ့သူများကို ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ဆွေးနွေးပွဲသို့ တက်ရောက်သူများကိုယ်စား မြို့နယ်ကော်မတီဝင်တစ်ဦးက အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ပေးမှုနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၁ ရက်မှ ၃ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသမီးများ၏ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ စွမ်းဆောင်နိုင်မှု မြှင့်တင်ရန်၊ ကချင်ပြည်နယ်အတွင်းရှိ အမျိုးသမီးများ စွန့်ဦးတီထွင်မှုနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များ၊ အမျိုးသမီးများ ခေါင်းဆောင်မှုကဏ္ဍ မြှင့်တင်ခြင်း၊ အမျိုးသမီးများ၏ ပညာရေးနှင့် ကျွမ်းကျင်မှုများမြှင့်တင်ခြင်း၊ မိမိဒေသ အနာဂတ်တိုးတက်မြင့်မားစေရေး ပန်းတိုင်များထားရှိရန် စသည့်ခေါင်းစဉ်များဖြင့် ဝိုင်းဝန်းဆွေးနွေးခဲ့ခြင်းဖြစ်ပြီး၊ ဆွေးနွေးပွဲသို့ ပြည်နယ်အတွင်းရှိ မြို့နယ်များမှ အမျိုးသမီး ၂၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)