လမ်းမတော်မြို့နယ်အတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် လက်ကမ်းစာစောင်များဖြန့်ဝေ

လမ်းမတော် မတ် ၄

လမ်းမတော်မြို့နယ်အတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် လူစည်ကားသည့်နေရာများဖြစ်သော ကားမှတ်တိုင်များ၊ ဈေးဆိုင်များနှင့် လူနေအိမ်များ၌ လမ်းမတော်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးဝန်ထမ်းများမှ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး လက်ကမ်းစာစောင်များအား ပြည်သူများလက်ဝယ်အရောက်ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

ထိုသို့လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် ပြည်သူများသိရှိနားလည်စေရန် ရည်ရွယ်၍ လျှပ်စစ်အန္တရာယ်ဖြစ်နိုင်သော အချက်များတွေ့ရှိပါက နီးစပ်ရာ လျှပ်စစ်ရုံးများသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားရန်၊ ဓာတ်အားလိုင်းကြိုးများ ပြတ်ကျခြင်း၊ လျော့ကျနေခြင်း၊ ဓာတ်အားလိုင်းများပေါ်သို့ သစ်ပင်များသစ်ကိုင်းများ လဲကျ၊ ကျိုးကျနေခြင်း၊ မိုးဒဏ် လေဒဏ်ကြောင့်ဓာတ်တိုင်များ ယိုင်လဲခြင်း၊ ထရန်စဖော်မာခြံဝင်းများအတွင်းသို့ တာဝန်ရှိသူ မဟုတ်ဘဲဝင်ရောက်ခြင်း၊ ကလေးများဝင်ရောက်ဆော့ကစားခြင်း၊ လျှပ်စစ်ကျွမ်းကျင်မှု လက်မှတ်မရှိဘဲ ဓာတ်အားလိုင်းများအား ပြုပြင်ဆောင်ရွက်ခြင်း၊ အိမ်တွင်းလျှပ်စစ်လုပ်ငန်းများ ဆောင်ရွက်ပြုပြင်ခြင်း၊ ရုံး/အလုပ်သမားများအနေဖြင့် ရုံးဆင်းအိမ်ပြန်လျှင် ရုံးခန်း မီးခလုတ်တွေပိတ်၊ မီးပလပ်တွေဖြုတ်ခဲ့ဖို့ မမေ့ရန်နှင့် နေအိမ်မှပြင်ပသို့ မထွက်ခွာမီ လျှပ်စစ်သုံးထမင်းအိုး၊ ရေ​နွေးအိုး၊မီးပူ၊ ပန်ကာစသည်တို့အား မီးခလုတ်၊ မီးပလပ်တွေဖြုတ်ခဲ့ဖို့ မမေ့ရန်၊ ဓာတ်အားလိုင်းအနီးဓာတ်အားလိုင်းပေါ်ရှိ သစ်ပင်၊ သစ်ကိုင်းများ ခုတ်လှဲခြင်းကို လျှပ်စစ်ဌာန၏ ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရ၊ ဓာတ်လိုက်မှု အန္တရယ်ရှိနိုင်သဖြင့် နေအိမ်ဝင်းခြံစည်းရိုး သံပန်း၊ သံတံခါး၊ သံဇကာများတွင် မီးကြိုးများ သွယ်တန်းချည်နောင်ထားခြင်းမပြုရ၊ ပျက်စီးနေသော မီးပလပ်၊ ဆော့ကတ်များကိုမသုံးရ၊ ဓာတ်လိုက်နေသူများအား လက်ဖြင့်မဆွဲရ၊ ဓာတ်မလိုက်နိုင်သော ပစ္စည်းတခုခုဖြင့်ဖယ်ရှားခြင်း ဆောင်ရွက်ရမည်။

အိမ်သုံးလျှပ်စစ်ပစ္စည်းများအား ရေစိုလက်၊ ရေစိုနေသောခန္ဓာကိုယ်၊ ရေစိုအဝတ်အစားဝတ်လျက် ကိုင်တွယ်ခြင်းမပြုရ၊ တမံတလင်း၊ မြေပြင်ပေါ်၌ ခြောက်တွေ့သော ဖိနပ်စီးထားခြင်းမရှိဘဲ ကိုင်သွယ်အသုံးမပြုရ၊ ရေစိုလက်၊ ရေစိုဖိနပ်စီး၍ လျှပ်စစ်ပစ္စည်းများကို ကိုင်သွယ်မသုံးရ၊ လျှပ်စစ်အသုံးအဆောင် ပစ္စည်းများကိုကလေးငယ်များ လက်လှမ်းမမှီသောနေရာတွင် တပ်ဆင်အသုံးပြုရန်၊ နေအိမ်ရှိလျှပ်စစ်ပစ္စည်းများအား တပြိုင်နက်အသုံးပြုခြင်းမှရှောင်ရှားရန်၊ အရေအသွေးကောင်းမွန်သော လျှပ်စစ်ပစ္စည်းများကိုသာ အသုံးပြုရန်၊ အိမ်တွင်းဝါယာကြိုးများ ပေါက်ပြဲခြင်း၊ မီးခလုတ်များ ပျက်စီးခြင်းကိုအမြန်ဆုံးပြုပြင်ရန်၊ ဓာတ်လိုက်မှုဖြစ်ပွားပါက မိန်းခလုတ်ကိုအမြန်ဆုံးပိတ်ရန်၊ လျှပ်စစ်အသိလျှပ်စစ်သတိအမြဲရှိအောင်မိသားစုနှင့် မိမိပတ်ဝန်းကျင်အား အသိပညာ ပျံ့ပွားအောင် ဆောင်ရွက်သွားရန်စသည်တို့ကို ပြည်သူများသိရှိစေရန် ရည်ရွယ်၍ လက်ကမ်းစာစောင်(၂၀၀၀) ကျော်အား ဝေငှပေးခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်