ဟိုပန်မြို့နယ်၌ နယ်သာလန် အာလူးမျိုး (Markies) မျိုးသန့်ပွားစိုက်ခင်းများ စတင်ရိတ်သိမ်း

ဟိုပန် မတ် ၄

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အာလူးမျိုးကောင်း မျိုးသန့်ပြန့်ပွား စေရန်၊ အလုပ်အကိုင်အခွင့်လမ်းရရှိစေရန်၊ တောင်သူများ ဝင်ငွေတိုးပွားလာစေရန်နှင့် အာလူးမျိုးသန့်ပွားစိုက်စနစ်များ၊ ပြုစုသိုလောင်မှုစနစ်များ အသိပညာရရှိစေရန်အတွက် နယ်သာလန် အာလူးမျိုး မာကီးစ်(Markies)အား  ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်က "ဝ"တောင်တန်း မျိုးစေ့ထုတ်သမဝါယမအသင်းဝင် တောင်သူများ၏ မျိုးသန့်ပွား စိုက်ခင်း စတင်စိုက်ပျိုးခဲ့ရာ ယမန်နေ့နံနက်(၁၀)နာရီက အဆိုပါ ဆောင်းအာလူးမျိုးသန့်ပွားစိုက်ခင်းရှိ အာလူးသီးနှံများ အား စတင်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

စိုက်ပျိုးခဲ့သည့် အာလူးမျိုးသန့်သည် ဟိုပန်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယဦးစီးမှူးနှင့် "ဝ"တောင်တန်း မျိုးစေ့ထုတ်သမဝါယမအသင်း အဖွဲ့ဝင်များက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ရှိ အအေးခန်းသိုလှောင်ရုံတွင် သွားရောက်ဝယ်ယူခဲ့ပြီး အာလူးမျိုးသည် နယ်သာလန်နိုင်ငံမှ ထုတ်လုပ်သည့် မာကီးစ် (Markies) အရည်အသွေးကောင်း အာလူးမျိုးဖြစ်သည်။

ဟိုပန်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နယ်သာလန် အာလူးမျိုးသန့်ပွား စိုက်ပျိုးရာတွင် တောင်သူများအား အခက်အခဲ မဖြစ်စေရေးနှင့် အာလူးသီးနှံအား နည်းစနစ်မှန်ကန်စေရေး၊ အထွက်တိုးကောင်းမွန်စေရေးတို့အတွက် အသိပညာပေး ပြောကြားခဲ့ကာ အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးခဲ့သည်။

ယနေ့တွင် ဟိုပန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယဦးစီးမှူး ဦးချိုလေးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများက နယ်သာလန်အာလူးမျိုးသန့်ပွား စိုက်ပျိုးခဲ့သည့် ဟိုပန်မြို့နယ်၊ မော်ဟွေ့ကျေးရွာရှိ စံပြကွက် ကွင်းအမှတ်(၈)၊ တောင်သူ ဦးထွန်းလူ၏ စိုက်ပျိုးမြေတစ်ဧကခွဲ အားစတင်ရိတ်သိမ်းခဲ့ကာ ဆက်လက်၍  ကွင်းအမှတ်(၁၂)၊ တောင်သူ ဒေါ်အေးအိုင်၏ စိုက်ပျိုးမြေနှစ်ဧကနှင့် မန်မိုင်ကွင်းအမှတ်(၁)၊ တောင်သူဦးအိုက်ကျော်၏ တစ်ဧကခွဲ စုစုပေါင်း အာလူးသီးနှံ စိုက်ပျိုးမြေဧက (၅)ဧက အားရိတ်သိမ်းသွားမည်ဖြစ်သည်။

အဆိုပါ နယ်သာလန် အာလူးမျိုး(Markies) ဆောင်းအာလူးမျိုးသန့်ပွား စိုက်ပျိုးခဲ့ရာတွင် စိုက်ခင်း တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း (၃၈၅၀)ပိဿာ အထက်ရှိပြီး တောင်သူများအနေဖြင့် မိုးအာလူးအဖြစ် ပြန်လည်ရောင်းချပါက တစ်ပိဿာ(၄၀၀၀)ကျပ်ခန့် ရရှိနိုင်မည်ဖြစ်ကာ တောင်သူများ ဝင်ငွေပိုမိုတိုးပွားလာနိုင်မည်ဖြစ်ပါကြောင်း ဟိုပန်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)