လင်းခေးခရိုင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ မောက်မယ်မြို့နယ်သို့ ကွင်းဆင်း စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်

မောက်မယ် မတ် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်သို့ လင်းခေးခရိုင်မိသားစု စည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ(ခရိုင်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ) ဒေါ်မဉ္ဇူသည် ယမန်နေ့နံနက်၉နာရီက  မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌  မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ တွေ့ဆုံပွဲတွင် ခရိုင်မိသားစုစည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်မဉ္ဇူသည်  ပြည်နယ်နှင့်ဗဟိုမှ လမ်းညွှန်မှာကြားချက်များကို မြို့နယ်မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်း ရေးကော်မတီဝင်များအား ထပ်ဆင့်ချပြရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်စည်း/ကော် အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေ ကျပ်တစ်သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့နယ်ထွေ/အုပ်ဌာန၏(၆)ခန်းတွဲ ဝန်ထမ်းအိမ်ရာသို့ လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ရာ မိသားစုဝင်များရှိ(၆)လအောက် ကလေးငယ်(၂)ဦး၊ (၆)လအထက် ကလေးငယ်(၁)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်အမျိုးသမီးဝန်ထမ်း(၂)ဦးတို့အားတစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းစီ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ မွေတော်ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင်နန်းဖတ်ခုမ်စေတီ ဘုန်းတော်ကြီးကျောင်းနှင့် ကုန်းလမ်း ရပ်ကွက်ရှိ ဘုရားကုန်းတော်(လွိုင်ဆိုင်)တွင် ကိုးကွယ်တည်ထားပူဇော်သည့် မြတ်ဗုဒ္ဓလျောင်းတော်မူ ဘုရားအား သွားရောက်ဖူးမြော်ကြည်ညိုပြီး မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်ထံ နဝကမ္မအလှူငွေနှင့် သင်္ကန်း(၁)စုံအား ကပ်လှူပူဇော်ခဲ့သည်။

ထိုမှတစ်ဆင့် မိုက်ဟုန်းရပ်ကွက်ရှိ ဂေါ်ဒန်ကျောက်ထုဆစ်သည့် လုပ်ငန်းခွင်သို့လည်းကောင်း၊ ကွန်ကျိုင်းရပ်ကွက်ရှိ ပဲပုတ်ပြုလုပ်သည့် လုပ်ငန်းခွင်သို့လည်းကောင်း၊ အထင်ကရနေရာများဖြစ်သည့် နမ့်လွတ်အုပ်စုရှိ နမ့်ဟူးရေထွက်သို့ လည်းကောင်း၊ ဟိုလွိုင်ကျေးရွာအုပ်စုရှိ ရေပြာအိုင်နှင့် မောင်းစုံမောင်းဖူးရေလွှဲဆည် နေရာများသို့သွားရောက် ကွင်းဆင်း လေ့လာခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)