ထားဝယ် မတ် ၄
ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူးရရှိသည့် အားကစားအဖွဲ့များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ရန်ကုန်ဇုံ (ဇုံ-၂)နှင့် ဗဟိုအဆင့်အဖြစ် နေပြည်တော်မှာ ကျင်းပပြုလုပ်သော အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်များ ဆွတ်ခူးနိုင်ခြင်းသည် တိုင်းဒေသကြီး၏ အဆင့်အတန်း တိုးတက်စေသလို အမိပညာရေး ဒီဂရီကောလိပ်၏ဂုဏ်ကိုဆောင်နိုင်ခဲ့သည့်အတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ယခုလိုထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ရခြင်းဖြစ်ကြောင်း၊လူငယ်လူရွယ်များသည် ဝါသနာပါရာအားကစားနည်းများကို စုပေါင်းဆောင်ရွက်လာခြင်းဖြင့် အားကစားနည်းအလိုက် ထူးချွန်သောမျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာပြီး နိုင်ငံတော်အတွက် အားထားရမယ့်် နိုင်ငံလက်ရွေးစင် အားကစားသမားများအဖြစ် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိပြီး နိုင်ငံဂုဏ်ဆောင်နိုင်မှာဖြစ်ကြောင်း ၊ မျက်မှောက်ခေတ် အားကစားပြိုင်ပွဲများတွင် အားကစားစံချိန်၊ စံညွှန်းများသညိ အမြဲတမ်းတိုးတက်ပြောင်းလဲ နေပါကြောင်း၊ အားကစားသမားများအနေဖြင့် ယခုထက်မကအောင်မြင်မှုများ ရရှိအောင်၊ ရရှိပြီးသော အောင်မြင်မှုများကို အချိန်တိုအတွင်း လက်လွှတ်ဆုံးရှုံးသွားရတာမျိုး မဖြစ်အောင်၊ လာမယ့် နှစ်များတွင် အသင်းလိုက် တံခွန်စိုက်ဒိုင်းဆုတွေ ဆွတ်ခူးနိုင်အောင် စဉ်ဆက်မပြတ် ပြင်ဆင် လေ့ကျင့်သွားကြရန်လိုအပ်ကြောင်း ပညာရေးဒီဂရီကောလိပ် ပေါင်းစုံအားကစားပြိုင်ပွဲများမှတဆင့် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ (ASEAN UNIVERSITIES GAMES)မှာ ပါဝင်ယှဉ်ပြိုင်နိုင်မည့် တိုင်းဂုဏ်ဆောင်၊ နိုင်ငံဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားသွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က အောင်ပွဲရအားကစားအဖွဲ့နှင့် နည်းပြများအား ဂုဏ်ပြုဆုငွေကျပ်စုစုပေါင်း (၂၁)သိန်းအားပေးအပ်ပြီး ထားဝယ်ပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်နီနီသန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ကျော်လတ်