တောင်ကြီး မတ် ၄
၂၀၂၃ခုနှစ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့ကို အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဂုဏ်ပြုပွဲကို ယမန်နေ့နံနက် ၉ နာရီက တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပသည်။
အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဂုဏ်ပြုပွဲအခမ်းအနားတွင် အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ သူများက “စာတတ်မြောက်ရေးဝိုင်းကူပေး’’တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုဖွင့်လှစ်ကြပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဂုဏ်ပြုအမှာစကားပြောကြားရာ ရှမ်းပြည်နယ်အတွင်း ၂၀၁၉ခုနှစ်၊ ကြားဖြတ်လူဦးရေနှင့် သန်းခေါင်စာရင်းအရ အသက်(၁၅)နှစ်နှင့်အထက် လူဦးရေပေါင်း(၃.၇၅) သန်းရှိပြီး သန်းခေါင်စာရင်းအရ မြန်မာစာမတတ်သူဦးရေ(၁.၀၃)သန်းရှိသဖြင့် ပြည်နယ်အတွင်း စာတတ် မြောက်မှုမရှိသူ ရာခိုင်နှုန်းမှာ(၂၇.၄၀%) ရှိနေသည်ကို သန်းခေါင်စာရင်းအရ သိရှိရပါကြောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ကျန်ရှိနေသေးသော ကိုယ်ပိုင်အုပ်ချုုပ်ခွင့်ရဒေသ၊ ခရိုင်နှင့် မြို့နယ်များတွင် စာမတတ်သူဦးရေများ လျှော့ချသွားနိုင်ရေးအတွက် စာတတ်မြောက်ရေးလုပ်ငန်း များကို ပညာရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ဆက်လက်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်မှုဗဟိုကော်မတီနာယက၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက အမှာစကားပြောကြားရာ ယခုနှစ် မတ်လ-ဧပြီလနှင့် မေလများတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ညှိနှိုင်းမှုဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း၊ အရှေ့ပိုင်း၊ မြောက်ပိုင်း) အကျဉ်းထောင်များ၌ အသက်(၁၅)နှစ်နှင့်အထက် (စာမတတ်သူ) ပြစ်ဒဏ်ကျလူငယ်နှင့် သက်ကြီးပိုင်း အရွယ်များကို အခြေခံပညာအထက်တန်းအဆင့် သင်ကြားဖူးသူ၊ အထက်တန်းအောင်နှင့် ဘွဲ့ရရှိပြီးသူ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/ သူများ၏ စေတနာလုပ်အားတို့ဖြင့် စာတတ်မြောက်ရေးလုပ်ငန်းများ သင်ကြားပေးသွားနိုင်ရန် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနအောက်ရှိ ပြည်နယ်ပညာမှူးရုံးတို့က နည်းပညာများပံ့ပိုးခြင်း၊ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းတို့ဖြင့် စာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်နိုင်အောင် ပြည်နယ်အကျဉ်းဦးစီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်လျက် ရှိနေပါကြောင်း ပြောကြားသသည်။
ထိုနောက် အမှတ်(၅)အခြေခံပညာအထက်ကျောင်းမှ ကျောင်းသား/ သူများက လူတိုင်းအတွက် ပညာရေး ကိုယ်စားပြု “ ဝ ထ က လ သ ’’ တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုဖျော်ဖြေကြပြီး ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ်(၃)ခု အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားတွင် “စာတတ်မြောက်ရေး ဝိုင်းကူပေး ’’ တေးသီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့ကြသည့် အမှတ်(၁၀) အခြေခံပညာအထက်ကျောင်းမှ ကျောင်းသား/ သူ ကိုယ်စားလှယ်များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဂုဏ်ပြုဆုငွေများ ပေးအပ်၍လည်းကောင်း၊ “ ဝ ထ က လ သ ’’ တေးသီချင်းဖြင့် သီဆိုဂုဏ်ပြု ဖျော်ဖြေခဲ့ကြသည့် အမှတ်(၅) အခြေခံပညာအထက်ကျောင်းမှ ကျောင်းသား/ သူ ကိုယ်စားလှယ်များအား ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ခဲ့ကြသည်။
၎င်းနောက် ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်(၃)ခု အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ယူတတ်မြောက်ခဲ့သည့် စာသင်သားများကိုယ်စား စာသင်သားကိုယ်စားလှယ်တစ်ဦးက ဝမ်းမြောက်စကား ပြောကြားပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) မြိုု့နယ်(၃)ခု အခြေခံစာတတ်မြောက်လုပ်ငန်းတွင်စေတနာဖြင့် လုပ်အားပေးဆောင်ရွက်ခဲ့ကြသည့် မြို့နယ်ကိုယ်စားပြုနည်းပြ၊ ကြီးကြပ်ကိုယ်စားလှယ်များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်သည့် ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးကပေးအပ်ရာ ပြည်နယ်ပညာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ လက်ခံရယူ၍လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းတွင် စီမံဆောင်ရွက်ပေးခဲ့သော ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်ပညာရေးမှူးရုံးအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ချီးမြှင့်ပေး၍လည်းကောင်း၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် ဆောင်ရွက်ပေးခဲ့ကြသော (တောင်ကြီး၊ ကလော)ခရိုင် အုပ်ချုပ်မှူးများ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် (တောင်ကြီး၊ ကလော၊ ဟိုပုံး) မြို့နယ်အုပ်ချုပ်ရေးမှူးများအား စာတတ်မြောက်ရေးဗဟိုကော်မတီက ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က အသီးသီး ချီးမြှင့်ပေးကြပြီး မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော ပြခန်းများ လှည့်လည်ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)