မိတ္ထီလာခရိုင်တွင် ဝါမျိုးကောင်းမျိုးသန့် လွှမ်းခြုံရေး၊ ဝါစျေးကွက်တည်ငြိမ်ရေးနှင့် ဝါသီးနှံအထွက်နှုန်းတိုးတက်ရေးတို့အတွက် ဝါလုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်း

မိတ္ထီလာ မတ် ၃

မိတ္ထီလာခရိုင်တွင် ဝါမျိုးကောင်းမျိုးသန့် လွှမ်းခြုံရေး၊ ဝါစျေးကွက် တည်ငြိမ်တွက်ချေကိုက်ရေးနှင့် ဝါသီးနှံအထွက်နှုန်းတိုးတက်ရေးတို့အတွက် ဝါလုပ်ငန်းရှင်များနှင့်   တွေ့ဆုံညှိနှိုင်းခြင်းကို ယမန်နေ့နံနက် ၁၀ က ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တွေ့ဆုံညှိနှိုင်းပွဲတွင် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးမင်းက ဝါမျိုးကောင်းမျိုးသန့် လွှမ်းခြုံရေး၊ ဝါစျေးကွက် တည်ငြိမ်တွက်ချေကိုက်ရေးနှင့် ဝါသီးနှံ အထွက်နှုန်း တိုးတက်ရေးတို့အတွက် ဝါလုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မိုးကြိုဝါစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်သည့် အာမို B-31 စပ်မျိုးဝါကို မိတ္ထီလာခရိုင်တွင် စိုက်ဧက ၈၀၀ နှင့် ရမည်းသင်းခရိုင်တွင် စိုက်ဧက ၁၂၀၀တို့ကို စိုက်ပျိုးသွားမည်ဖြစ်ရာ စိုက်ပျိုးရေးဦးဌာနမှ လိုအပ်သည့် မျိုးစေ့များကို အခမဲ့ပေးအပ်ထားပြီးဖြစ်ရာ အခြားလိုအပ်သည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးစသည့် သွင်းအားစုများအတွက် ဝါလုပ်ငန်းရှင်များက ပံ့ပိုးကူညီပေးနိုင်ရန် ညှိနှိုင်းခြင်းဖြစ်ပါကြောင်း၊ ယင်းသို့ ပံ့ပိုးကူညီရာတွင်လည်း သွင်းအားစုများကို အခမဲ့ပေးအပ်ခြင်းမျိုး မဟုတ်ဘဲ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် မိတ္ထီလာမြို့နယ် ဝါလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက ဝါလုပ်ငန်းရှင်များအသင်းမှ ဝါမျိုးကောင်းမျိုးသန့် လွှမ်းခြုံရေး၊ ဝါစျေးကွက် တည်ငြိမ်တွက်ချေကိုက်ရေး အဓိက ထားဆောင်ရွက်လျက်  ရှိပါကြောင်း၊ ဝါသီးနှံအထွက်နှုန်းတိုးတက်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ ဝါစိုက်တောင်သူတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း၊ ရမည်းသင်း၊ ပျော်ဘွယ်မြို့နယ်များမှ ဝါလုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်သွားမည် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာနတို့မှ ခရိုင် ဦးစီးမှူးများ ၊ မြို့နယ်ဦးစီးမှူးများက မိုးကြိုဝါ (အာမို B-31 စပ်မျိုးဝါ) စိုက်ပျိုးရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး နှင့် ဒုတိယတိုင်းဒေသကြီးဦးစီးမှူးက ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံညှိနှိုင်းပွဲကို မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးမင်း၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်တို့မှ ခရိုင်ဦးစီးမှူးများ ၊မြို့နယ်ဦးစီးမှူးများ၊ မိတ္ထီလာမြို့နယ် ဝါလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း၊ ရမည်းသင်း၊ ပျော်ဘွယ်မြို့နယ်များမှ ဝါလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)