မြေယာမှုခင်းများ စိစစ်ရာတွင် ဘက်မလိုက်ဘဲ ဘက်ပေါင်းစုံမှစဉ်စားသုံးသပ်၍ မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့လို

ဘားအံ မတ် ၃

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက် ၈ နာရီ ခန့်က ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများအား  ပြည်နယ်ဦးစီးမှူးရုံး ဖားစည်မြေခန်းမ၌ တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာ ဆောင်ရွက် ချက်များကို တွေ့ဆုံဆွေးနွေးသည်။

ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းဖို့လိုပြီး အစိုးရက ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ မြေယာမှုခင်း အရှုပ်အရှင်းကိစ္စရပ်များတွင် သတ်မှတ်လုပ်ထုံးလုပ်နည်း များအတိုင်းဆောင်ရွက်ခြင်းမရှိသည့်အတွက် အရှုပ်အထွေးများ ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး မြေယာမှုခင်းများစိစစ်ရာတွင် ဘက်မလိုက်ဘဲဘက်ပေါင်းစုံမှ စဉ်စား သုံးသပ်၍ မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့လိုကြောင်း၊ အဓိကအားဖြင့် မြေယာ ဥပဒေများကို ကြေညက်ဖို့လိုပြီး အခါအားလျှော်စွာထုတ်ပြန်သည့် အမိန့်နှင့်ညွှန်ကြားချက်များကို လေးစား လိုက်နာဖို့ လိုကြောင်း၊ တိတိကျကျစီမံခန့်ခွဲပြီး စာရင်းအင်းကိုပြုစုပေးရသည့် ဌာနဖြစ်သည့် အတွက် ဒေတာအချက်အလက်များ မှန်ကန်ဖို့လိုပြီး သို့မှသာနိုင်ငံတော်၏ စီမံကိန်းများ ချမှတ်ဆောင်ရွက်ရာတွင် မှန်ကန်ထိရောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မိုးအောင်က ဦးစီးဌာန၏ ခရိုင်၊ မြို့နယ်အလိုက်ဝန်ထမ်းအင်အား၊ ယခုနှစ်ပြည်နယ်၏ မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ၊ နွေစပါးစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ၊ အဓိကသီးနှံ (၁၀) မျိုး စိုက်ပျိုးထုတ်လုပ်မှုအခြေအနေ၊ ရငွေများရရှိမှုအခြေအနေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များကို လုပ်ကိုင်ခွင့်အသုံးပြုခွင့် ခွင့်ပြုထားမှုအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ကျန်ရှိမှုအခြေအနေ၊ မြို့နယ်များ၏ လက်ရှိအခြေအနေနှင့် ရုံးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးနှင့် ဝန်ထမ်းအိမ်ယာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိ သူများအား လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ကုတင်(၂၀၀)ဆံ့ ပြည်နယ် ပြည်သူ့ဆေးရုံးကြီး (ဘားအံ) တွင် တက်ရောက်ဆေးကုသမှု ခံယူနေသူများအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံ၍ တစ်ဦးချင်းခံစားနေရ သောရောဂါဝေဒနာများ၊ ဆေးဝါးကုသမှု ဆောင်ရွက်ပေးထားသည့် အခြေအနေများနှင့် တိုးတက်ကောင်းမွန်လာသည့် အခြေအနေများကို အားပေးမေးမြန်းရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့်၊ ဆေးရုံ အုပ်ကြီးဒေါက်တာဘရန်အောင်နှင့် အထူးကုဆရာဝန်ကြီးများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြပြီး ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများအား အာဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့ပေး အပ်ခဲ့ကြသည်။

အလားတူ ပြည်နယ်ပြည်သူ့ဆေးရုံကြီး (ဘားအံ) တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးရုံ အုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများအား စားသောက်ဖွယ် ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)