ဘားအံ မတ် ၃
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုများကို ယနေ့နံနက် (၈) နာရီအချိန်ခန့်ကစတင်၍ ဘားအံမြို့၊ အမှတ် (၂) အခြေခံ ပညာအထက်တန်းကျောင်းခန်းမ၌ ဆောင်ရွက်ပေးကြောင်း သိရှိရသည်။
ကျန်းမာရေးစစ်ဆေးပေးမှုများကို ဘားအံမြို့ ပြည်သူ့ဆေးရုံကြီးမှ သွားဆရာဝန်များနှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက သွားနှင့်ခံတွင်းရောဂါများ စစ်ဆေးပေးခြင်း၊ အသက်(၄၀)နှစ်အထက်ရှိသူများအား သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် နှလုံးရောဂါများ စစ်ဆေးပေးခြင်း၊ အရပ်တိုင်းတာခြင်း၊ ကိုယ်အလေးချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပေးခဲ့ရာ သွားနှင့်ခံတွင်း ရောဂါတွေ့ရှိသူ (၆၃)ဦး၊ သွေးတိုးရောဂါရှိသူ( ၄၄)ဦး၊ ဆီးချိုရောဂါရှိသူ (၅)ဦး၊ သွေးတိုးနှင့်ဆီးချိုရောဂါရှိသူ (၁၃)ဦးနှင့် ဖျားနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ကိုယ်လက် ထုံကျင်ခြင်း၊ သွေးအားနည်းခြင်း စသည့် ရောဂါများ ခံစားနေရသူ (၁၁၉) ဦး၊ စုစုပေါင်း (၂၄၄) ဦးကို ကုသဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်ပေးမှုများ ဆောင်ရွက်နေမှုကို ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်စွာမြင့်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)