ပျော်ဘွယ်မြို့နယ်တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်

ပျော်ဘွယ် မတ် ၃

ပျော်ဘွယ်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် လာရောက်အသုံးပြုလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် ယနေ့မွန်းလ (၁) နာရီက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပမှုနှင့် ပတ်သက်၍ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ငယ်စဉ်အချိန်မှစတင်ကာ စာပေလေ့လာဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ စာပေ ဖတ်ရှုရာတွင် မိမိအတွက် အကျိုးဖြစ်ထွန်းမည့် အကြောင်းအရာများကို ရွေးချယ်ဖတ်ရှုတတ်စေရေး၊ မှတ်ဉာဏ်စွမ်းရည် မြင့်မားလာစေရေး၊ မိမိကိုယ်တိုင်ဖတ်ရှုသည်နှင့်မပြီးဘဲ အခြားသူများကို နားလည်သဘောပေါက်စေရန် ပြန်လည်ရှင်းပြတတ်စေရေးတို့အတွက် ကျင်းပ ပြလုပ်ခြင်းဖြစ်ကြောင်းကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ပြိုင်ပွဲသို့တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ဒို့ကျေးရွာဂျာနယ် တွင် စာရေးသူ ရွာသားဖိုးမောင် ရေးသားသည့် ပညာကိုသာကြိုးစားပါအကြောင်းအရာကို ဖတ်ရှုကာ စာဖတ်စွမ်းရည်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ပြိုင်ပွဲပြီးနောက် မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင်ပြသထားသည့် လူငယ်အသိပညာပေး စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ စာကြည့်တိုက်သို့ လာရောက်သည့် ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)