မတ္တရာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးကဏ္ဍနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မတ္တရာ မတ် ၃

မတ္တရာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးကဏ္ဍနှင့်ပတ်သက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီက မတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ဆွေမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယရဲမှူးကြီးကျော်မိုးမှ လုံခြုံရေးဆိုင်ရာ များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အဖွဲ့ဝင်(၂)ဦးတင်မောင်ဝင်းမှ ဆွေးနွေးခဲ့သည်။ ထို့နောက် ခရိုင်လဝကဦးစီးမှူးဦးသန်းထွန်းအောင်မှ မှတ်ပုံတင်ဆိုင်ရာကိစ္စရပ်များနှင့် လူဦးရေစာရင်းကောက် ယူမှုများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသောလုပ်ငန်းရှင်များက လုပ်ငန်း အသီးသီး၌ တွေ့ကြုံလျက်ရှိသောအခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြရာ ခရိုင်အဆင့်ဌာနဆိုင်ရာ များ၊ မတ္တရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ လုပ်ငန်းဆောင်ရွက်နေမှုများကို ပြန်လည်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လုပ်ငန်းဆိုင်ရာများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊  မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

စိုးကျော်သူထွေး(မတ္တရာ)