ဇေယျာသီရိ မတ် ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရေဆင်းဈေးအတွင်း၌ မြို့နယ်အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး ကော်မတီအဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကွင်းဆင်းစစ်ဆေးပြီး ဓာတ်ခွဲနမူနာရယူခဲ့သည့် ငရုတ်သီးခွဲခြမ်းမှုန့်များတွင် ဓာတုဆိုးဆေးများပါဝင်သည်ကို တွေ့ရှိရ၍ ယနေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်စီးခဲ့သည်။
မီးရှို့ဖျက်စီးရာတွင် မြို့နယ်အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး ကော်မတီအဖွဲ့ဝင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးအောင်ဇော်ဟိန်း ဦးဆောင်သည့်အဖွဲ့သည် ရေဆင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးနှင့် တာဝန်ရှိသူများက ရေဆင်းဈေးအတွင်း ဆိုင်တစ်ဆိုင်မှ ရောင်းချနေသည့် ငရုတ်သီးခွဲခြမ်းအမှုန့်များတွင် ခွင့်မပြုဓာတုဆိုးဆေး Sudan III နှင့် Orange II တို့ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရ၍ ယင်းဆိုင်ရှိ ငရုတ်သီးခွဲခြမ်းမှုန့်များကို မီးရှို့ဖျက်စီးခဲ့ပြီး ခွင့်မပြုဓာတုဆိုးဆေးများ ပါဝင်သည့်ကုန်ပစ္စည်းများအား ထပ်မံရောင်းချခြင်းမပြုရန်နှင့် ထပ်မံရောင်းချကြောင်း စိစစ်တွေ့ရှိရပါက ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း ဝန်ခံကတိပြု လက်မှတ်ရေးထိုးစေခြင်းများ ဆောင် ရွက်ခဲ့သည်။
ပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် မြို့နယ်အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးကော်မတီမှ မြို့နယ်အတွင်းကျန်ရှိသည့်ဈေးများတွင် ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)