မိုးနဲမြို့နယ်၌ တပေါင်းလပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပမည်

မိုးနဲ မတ် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် နှစ်စဉ် ကျင်းပပြုလုပ်မြဲ‌ဖြစ်သော (တပေါင်းလပြည့်‌နေ့) မြတ်ဗုဒ္ဓပြည်‌တော်ဝင်အခါတော်နေ့ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို မတ်လ(၅)ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်ကစ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မိုးနဲမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၄၅) ကျောင်းမှ ပင့်သံဃာပေါင်း (၆၀၀) ပါးတို့က စုရပ်ဖြစ်သော နာဟောင်ရပ်ကွက် ရပ်တော်မှု ဘုန်းတော်ကြီးကျောင်းမှ ရှေးဟောင်းမင်းသားကြီးစေတီ၊ မြောက်နှစ်ကျိပ်ရှစ်ဆူ ဘုရားစေတီ တို့ကို တစ်ပတ်ပတ်၍  ဆွမ်းဆန်စိမ်းလောင်းလှူအပူဇော်ခံ ကြွရောက်မည်ဖြစ်ပါသဖြင့် မိုးနဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာ လောင်းလှူနိုင်ရေး မြို့နယ်သာသနာရေးဦးစီးဌာနမှ လှည့်လည်ကြေညာလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)