သိန္နီ မတ် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် တပေါင်းပွဲတော်ဈေးအတွင်း၌ ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် စျေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပွဲတော်ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပူးပေါင်း၍ တပေါင်းပွဲတော်စျေးအတွင်း ရောင်းချနေသော စားသောက်ဆိုင်များနှင့် ဈေးဆိုင်များအား စစ်ဆေးခြင်းဖြစ်သည်။ အဆိုပါပူးပေါင်းအဖွဲ့သည် စားသုံးသူများနှင့်ပတ်သက်သည့် အခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် စားသောက်ကုန် ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲခွင့်ရရှိစေရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ ရောင်းချရေးအတွက် အသိပညာပေးခြင်း၊ မြန်မာစာကုန်ညွှန်းအမှတ်အသားပြည့်စုံစွာပါရှိရေး၊ မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိ၊ ရက်လွန်စားသောက်ကုန်များ ရောင်းချမှုမရှိစေရေး၊ FDA လက်မှတ်ပါရှိမှု ရှိ၊ မရှိစစ်ဆေးခြင်း၊ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင်မရှိသည့်ဆေးဝါးများ မသုံးစွဲမိစေရန်နှင့် တပေါင်းပွဲကွင်းအတွင်း ရောင်းချနေသော ဈေးဆိုင်ခန်းများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)