မိုးနဲ မတ် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကင်တုံကျေးရွာနေ တောင်သူ ဦးစောလုံ၏ ယာခင်းအတွင်း ခရမ်းညိုသီးများ ဈေးကောင်းရရှိနေသဖြင့် ခရမ်းပျိုးပင်ပေါင်း(၂၀၀)ကျော် စိုက်ပျိုးထားကြောင်း သိရသည်။
ယာခင်းအတွင်း ယခင်များ သခွား၊ ပဲတောင့်ရှည်၊ ငရုတ်တို့ကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခဲ့ကြောင်း၊ ယခုအခါတွင် ကြက်သွန်ဖြူ၊ ငရုတ်နှင့် ခရမ်းညိုပင်များကို စိုက်ပျိုးထားကြောင်း၊ မြို့မဈေးကြီးတွင် ယခင်ခရမ်းညိုသီး (၃)လုံးပါနှစ်တွဲလျှင် ကျပ် ၅၀၀ ပေါက်ဈေးရှိပြီး ယခုအခါတွင် ၃ လုံး တစ်တွဲလျှင် ကျပ်(၅၀၀)နှင့် ကျပ်(၇၀၀)ကြား ပေါက်ဈေးရှိနေကြောင်း၊ ခရမ်းညိုသီးစိုက်ပျိုးရာတွင် ၁ ပေခြား ခန့်မှန်းတွင်းတူးစိုက်ပျိုးထားကြောင်း၊ နွားချေးမြေဩဇာကို အသုံးပြုပေးထားကြောင်း၊ ပိုးသတ်ဆေးကို ပတ်ဖြန်းပေးထားကြောင်း၊ ချောင်းနံဘေးတွင် စိုက်ပျိုးထားသည့်အတွက် ရေအခက်အခဲမရှိကြောင်း၊ အပင်များဖြစ်ထွန်းလျက်ရှိပြီး အပွင့်များ စတင်လိုက်နေပြီဖြစ်ကြောင်းနှင့် မိမိခရမ်းညိုသီးများ ခူးဆွတ်ရောင်းချ ရသည့်အချိန်တွင်လည်း ဈေးကောင်းရရှိရန်မျှော်လင့်ကြောင်း တောင်သူ ဦးစောလုံထံမှ သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)