လိပ်သိုမြို့ (Community Centre) ခန်းမ၌ “ တပေါင်းလပြည့်နေ့အကြောင်း  ” အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

လိပ်သို မတ် ၃

ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တပေါင်းလရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ (မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့) တပေါင်းလပြည့်နေ့အကြောင်း သိကောင်းစရာအသိပညာပေး Talk Show ဆွေးနွေးပွဲ အစီအစဉ်ကို ယနေ့နံနက် (၁၀) နာရီအချိန်က လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီး ဌာနမှ မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား  ဆွေးနွေးပြောကြားပြီး လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်- ဦးစောဝေါ်ကွောထူးက ဘုရားရှင်ဟာ ရဟန္တာပေါင်း ၂၀၀၀၀ ခြံရံ တပေါင်းလပြည့်ကျော် ရက်နေ့တွင် ရာဇဂြိုလ်မှ မွေးဖွားရာဇာတိ ကပ္ပိလဝတ်ပြည်သို့ ကြွချီတော်မူသည့်အကြောင်း၊ ထို့ကြောင့် ဒီလိုကြည်ညိုဖွယ်ဖြစ်ရပ်တွေ ဖြစ်ပေါ်စေခဲ့တဲ့အတွက် တပေါင်းလပြည့်နေ့ကို ပြည်တော်ပြန်နေ့အဖြစ် သတ်မှတ်ပြီး ဗုဒ္ဓဘာသာဝင်တို့က အထိမ်းအမှတ်ကုသိုလ်ပွဲတော်ကို ပြုလုပ်ကျင်းပနေကြဆဲဖြစ်ကြောင်း၊ တပေါင်းလ၏ ရာသီပန်း မှာ သရဖီပန်းဖြစ်ကြောင်း၊ တပေါင်းလသည် မြန်မာ့ဆယ့်နှစ်လရာသီ၏ နောက်ဆုံးလဖြစ်သလို မြန်မာတို့၏ နှစ်သစ်ကူးအတာရေသဘင်ပွဲအတွက်လည်း အားခဲကာ စိတ်ကူးများဖြင့် ပျော်မြူးနေကြသည့် ကာလလည်းဖြစ်ကြောင်းကို ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍  အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လိပ်သိုမြို့ရုံးအနေဖြင့် ပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များဖိတ်ခေါ်၍ နေ့ကြီး၊ ရက်ကြီးများနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် Talk Show အစီအစဉ်များ ရိုက်ကူး၍ Online မှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)