မိုင်းကိုင်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြှင့်မားရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းကိုင် မတ် ၃

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၈ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြှင့်မားရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်နန်းခင်ထွေးရီက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့်အခြေအနေနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြရာ အစည်းအဝေးတက်ရောက်လာသူများအားလုံးက မိုင်းကိုင်မြို့နယ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြှင့်မားရေး၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာယာစွာဖြင့် ဖြေဆိုအောင်မြင်နိုင်ရေး၊ စာမေးပွဲဖြေဆိုခန်းမ အနီးပတ်ဝန်းကျင်တွင် စာဖြေသူစိတ်အနှောင့်အယှက်ဖြစ်စေမည့် ဆူညံသံများမဖြစ်ပေါ်စေရေး၊ စာဖြေဆိုစဉ် စာစစ်ဌာနအနီး ယာဉ်အသွားအလာများအား ကြီးကြပ်ထိန်းကွပ်ပေးနိုင်ရေး၊ စာစစ်ဌာနအတွင်းအပြင်လုံခြုံရေး၊ ကျန်းမာရေးကြည့်ရှု စောင့်ရှောက်မှုပေးနိုင်ရေး စသည်တို့အတွက်  ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အကြောင်းအရာများကို အသေးစိတ်ဆွေးနွေးကာ ဆုံးဖြတ်များအသီးသီးချမှတ်ခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် အ.ထ.က(မိုင်းကိုင်)စာစစ်ဌာနသို့  သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး  လိုအပ်သည်များကို  ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)