နေပြည်တော် မတ် ၃
ပြည်တောင်စုနယ်မြေ၊ နေပြည်တော်တွင် ဝါးကိုအခြေခံသည့် စက်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရေး နေပြည်တော် ပုဂ္ဂလိကစက်မှုကုန်ကြမ်း(ဝါး) စိုက်ခင်းစိစစ်ထောက်ခံချက်ပြုရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး ထုတ်လုပ်နိုင်သည့် ကျေးရွာထူထောင်နိုင်ရေး၊ လုပ်ငန်းရှင်များပေါ်ထွန်းပြီး ဝါးကိုအခြေခံသည့် ဝါးစက်မှုလက်မှုလုပ်ငန်းများကို တွင်ကျယ်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး၊ နေပြည်တော်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူဖြစ်စေမည့် ဝါးစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခွင့်ပြုရန်လုပ်ငန်းရှင်များမှ မြေနေရာလျှောက်ထားလာပါက သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ စိစစ်တင်ပြနိုင်ရေးဆောင်ရွက်ပေးစေလိုကြောင်း၊ ကော်မတီဝင်များအနေဖြင့် မူဝါဒများချမှတ်၍ လုပ်ငန်းရှင်များပူးပေါင်းပါဝင်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်သစ်တောဦးစီးဌာနမှ ညွန်ကြားရေးမှူးက ဝါးကိုအခြေခံသည့် စက်မှု လုပ်ငန်းများဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ဝါးစိုက်ခင်းများတည်ထောင်ရန် မြေနေရာလျှောက်ထားလာသည့်ကိစ္စရပ်များနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများကသက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)