နမ့်ခမ်း မတ် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိရွှေရည်ခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ စီစဥ်ဆောင်ရွက်သည့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်း ကျန်းမာရေး စံပြကျောင်း ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နေ့လည်(၁)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စံပြကျောင်းဆုပေးပွဲအခမ်းအနားတွင် နမ့်ခမ်းမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးစမြင့်သန်းထွန်းက စံပြကျောင်းဆုပေးပွဲ အခမ်းအနားကျင်းပခြင်း၏ ရည်ရွည်ချက်အကြောင်းများကို ရှင်းလင်းပြောကြားပြီး နမ့်ခမ်းမြို့ရှိ ကုတင်(၁၀၀)ဆန့် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုင်းလှတင်က အကောင်းဆုံးစံပြကျောင်းဖြစ်ရန်အတွက် ကျောင်းမှ အမှိုက်စွန်ပစ်မှု၊ မိလ္လာ၊ သောက်သုံးရေနှင့် လေကောင်းလေသန့်ရရှိရန် ဆောင်ရွက်ထားရှိမှုများ၊ ကျောင်းကျန်း မာရေးအတွက် ဆောင်ရွက်ချက် အချက်(၈)ချက်နှင့် ကိုက်ညီအောင် ဆောင်ရွက်ထားရှိမှုများ၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုများ၊ ကျောင်းသားများ၏ တစ်ကိုယ်ရေ သန့်ရှင်းရေး ဆောင်ရွက်မှုများ၊ အားကစားနှင့်ကာယလုပ်ငန်း ဆောင်ရွက်ထားရှိမှုများနှင့် ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ဘဝအတွက်သာ ကျွမ်းကျင်စရာ သုတေသနများ စသည့် အကဲဖြတ်မှုပုံစံအကြောင်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းကျန်းမာရေး စံပြကျောင်းဆုရရှိသော ကျောင်း (၃) ကျောင်းတို့ကို မြို့နယ်ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများမှ စံပြကျောင်းဆုရရှိသော ကျောင်းမှ ကျောင်းအုပ်ကြီးများအား ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
နမ့်ခမ်းမြို့နယ်အတွင်းမှ စံပြကျောင်း ပထမဆုကို အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း၊ ဒုတိယဆုကို အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းနှင့် တတိယဆုကို ကောင်းဆာအခြေခံပညာအလယ်တန်းကျောင်းတို့မှ ဆုရရှိခဲ့ပြီး အခမ်းအနားသို့ မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နမ့်ခမ်း (ပြန်/ဆက်)