ရပ်စောက် မတ် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 အတန်းများ၏ နှစ်ဆုံးစာမေးပွဲဖြေဆိုခြင်းကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြေဆိုမှုအဖြေလွှာများအား စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်ကာ ရပ်စောက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စစ်ဆေးလျက်ရှိသည်။
ရပ်စောက်မြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အလယ်တန်းအဆင့် Grade-5 နှစ်ဆုံးစာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေးဘာသာရပ်များကို ကျောင်းသား၊ ကျောင်းသူ(၃၀၂၁)ဦးကလည်းကောင်း၊ Grade-9 နှစ်ဆုံးစာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံဘာသာရပ်များကို ကျောင်းသားကျောင်းသူ(၁၃၉၀)ဦးကလည်းကောင်း ဖြေဆိုခဲ့ကြပြီး အဆိုပါဖြေဆိုမှုများကို စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ နှစ်ဆုံးစာမေးပွဲဖြေဆိုမှုစစ်ဆေးခြင်းကို တောင်ကြီး ပြည်နယ်ပညာရေးမှူးရုံးမှ ဘာသာရပ်အလိုက်စာစစ်ဌာနမှူးချုပ်၊ လက်ထောက်စာစစ်ဌာနမှူးချုပ်များက ကြီးကြပ်ဆောင်ရွက် လျက်ရှိပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှ အလယ်တန်းပြဆရာ/ဆရာမ (၄၂၅) ဦးတို့က စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ထိုစစ်ဆေးခြင်းကို မတ်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဆုမွန်(ရပ်စောက်)