ကျောက်မဲ မတ် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ယနေ့မွန်းလွှဲ ၁ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ရှမ်းစာပေနှင့်ရှမ်းစကားပြော အခြေခံသင်တန်း စတင်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းရည်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းဆရာမ ဒေါ်ခင်အုန်းမြင့်မှ မိတ်ဆက်စကားပြောကြားပြီး အခြေခံရှမ်းစကား ပြောခြင်းနှင့် ရှမ်းစာရေးသားနည်းများကို သင်ကြားပို့ချခဲ့သည်။
အဆိုပါသင်တန်းဖွင့်လှစ်ရခြင်းမှာ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/သူများ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး ရှမ်းတိုင်းရင်းသား ဘာသာစကားနှင့်စာကို ရေးနိုင်၊ ဖတ်နိုင်၊ ပြောဆိုနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။ ရှမ်းစာပေနှင့် ရှမ်းစကားပြောအခြေခံ အခမဲ့သင်တန်းသို့ ထက်၊ လယ်၊ မူကျောင်းသား၊ ကျောင်းသူ (၃၀) ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကာလမှာ (၁-၃-၂၀၂၃)မှ (၃၁-၃-၂၀၂၃) ရက်နေ့ထိ (၁) လတိတိ အခမဲ့သင်ကြားပေးသွားမည်ဖြစ်သည်။
ကျောက်မဲခရိုင်၊ လူထုအခြေပြု Community Centre ခန်းမတွင် ဒေသခံပြည်သူများ အသိပညာ ဗဟုသုတတိုးပွားစေရေးအတွက် အသိပညာပေး Talk Show များ၊ စာဖတ်ဝိုင်းများ၊ စာအုပ်စာစောင်ပြပွဲများ၊ ပြိုင်ပွဲအမျိုးမျိုး၊ ကျောင်းသား/သူများ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး နွေရာသီပန်းချီသင်တန်းများ၊ ရှမ်းစာပေနှင့်ရှမ်းစကားပြောအခြေခံသင်တန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)