မလှိုင်မြို့နယ်ရှိ ကျေးရွာများတွင် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းများဖွင့်လှစ်ပို့ချသွားမည်

မလှိုင်  မတ် ၁

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အခြေခံပညာကျောင်းများသည် စာမေးပွဲများဖြေဆိုပြီးနောက် နွေရာသီကာလတွင် ကျောင်းပိတ် တော့မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အားလပ်သည့်အချိန်တွင် ယဉ်ကျေးလိမ္မာသင်တန်းများဖွင့်လှစ်ပို့ချနိုင်ပါကအချိန်ကို အကျိုးရှိစွာအသုံးချနိုင်ပြီး ပြည်သူ့နီတိကို ကောင်းစွာသိရှိနားလည်ကာ အနာဂတ်နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်သော လူကောင်းလူတော်များဖြစ်စေရန်ရည်ရွယ်၍ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော်များ၏ သြဝါဒကိုခံယူလျက် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများတိုင်ပင်၍ ကျေးရွာများအလိုက် ဖွင့်လှစ်သင်ကြားသွား ကြရန် တိုက်တွန်းပြောကြား ခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများမှ သင်တန်းများဖွင့်လှစ်နိုင်ရေး အစီအမံများကို တင်ပြဆွေးနွေးခဲ့ရာ (၂.၃.၂၀၂၃) ရက်နေ့တွင် ပျော်ဘွယ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ နွေရာသီယဉ်ကျေး လိမ္မာသင်တန်း စတင်ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး ကျန်ရှိသော ကျေးရွာများတွင်လည်း သင်တန်းများ ဆက်လက်ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)