ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်နေ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ဆောင်ရွက်​​ပေး

ဒဂုံဆိပ်ကမ်း မတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားတီဘီတိုက်ဖျက်ရေးစီမံကိန်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက (၆၇)ရပ်ကွက်ပါရမီဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုများအနေဖြင့် ရင်ခေါင်းဓာတ်မှန်ရိုက်ခြင်းနှင့် အထွေထွေရောဂါများ စစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများအားဆီးချို၊ သွေးတိုးနှင့် အထွေထွေရောဂါများ စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီးဒေါက်တာ အေးမူယာကျော်နှင့် သူနာပြုဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်၅၀နှစ်အထက် သက်ကြီးရွယ်အိုများအား သွေးပေါင်ချိန်ပေးခြင်း၊ ဆီးချိုတိုင်းတာပေးခြင်း၊ ဆီးချို၊ သွေးတိုးနှင့် အခြားအထွေထွေရောဂါများအား (အခမဲ့)စစ်ဆေးကုသပေးခြင်းများကို ရပ်ကွက်များအလိုက် ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရာ သွေးတို၊ ဆီးချိုဝေဒနာရှင် (၁၅၀)ဦး၊ တီဘီလူနာ(၂၅)ဦး၊ အထွေထွေလူနာ(၃၀၀)ဦးတို့အား အခမဲ့ဆောင်ရွက်ပေးခဲ့ပြီးပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ရပ်ကွက်များအတွင်း (၃)လတစ်ကြိမ် ကွင်းဆင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

အေးမဥ္ဇူ(ပြန်/ ဆက်)