မောက်မယ် မတ် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ကျေးလက်ဒေသများနှင့် အနီးအနားပတ်ဝန်းကျင်တစ်ဝိုက် ကျေးရွာများမှ ရာသီပေါ် သစ်သီး၊ သစ်ဥ၊ သစ်ဖု၊ အသီးအရွက်များ ရှာဖွေခူးဆွတ် ရောင်းချ လုပ်ကိုင်စားသောက်နေသည့် ပြည်သူများ တမာဖူး၊ တမာရွက်နုများ ခူးဆွတ် ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာဖွေပေးနေကြကြောင်း တမာဖူးခူးဆွတ်ရောင်းချသူများထံမှ သိရသည်။
မောက်မယ်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာများအတွင်းရှိ သစ်ဥ၊ သစ်ဖု ရှာဖွေခူးဆွတ် ရောင်းချသူများသည် ဘိုးစဉ်ဘောင်ဆက် တောတွင်းကိုအမှီပြု၍ ရာသီပေါ်သီးနှံအမျိုးမျိုးကို ရှာဖွေတူးဖော် ဆွတ်ခူးရောင်းချနေသည့် ကျေးရွာများဖြစ်ကြရာ မျှစ်၊ စားမှိုအမျိုးမျိုး၊ ညောင်ချဉ်ဖူး၊ မန်ကျည်းရွက်၊ သနပ်ဖူး ၊ မာလာဖူးပေါ်ချိန်များတွင် ဆွတ်ခူးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိကြောင်း၊ မောက်မယ်ပတ်ဝန်းကျင်တွင် တမာရွက်အား စားတမာနှင့် ခြံစည်းရိုးအရိပ်ရတမာဟူ၍ နှစ်မျိုးရှိကြောင်း၊ စားတမာပင်သည် အပင်ပင်စည်မကြီးဘဲ အရွက်များလည်း မစိပ်ကာ အဖူး၊ အရွက်ကြီးကြပြီး အရွက်ကြွေလျှင် အဖူးတစ်ခါတည်း ထွက်ရှိကြောင်း၊ ထိုအဖူးအညွန့်များအား ခူးယူ၍ မန်ကျည်းသီးတို့ဖြင့် စိမ်ပြီး ပြုတ်ကာ မြို့နယ်စည်ပင်သာယာစျေး ၅ ရက်တစ်စျေးသို့လည်းကောင်း ရပ်ကွက်အတွင်း လှည့်လည်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိနေကြကြောင်း စိုင်းမင်းမင်းသူက ရှင်းပြ၍ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)