နမ္မတူမြို့နယ်၌ လီဆူစာပေနှင့်ယဉ်ကျေးမှု (၁၀၆)နှစ်ပြည့်အထိမ်းအမှတ်ပွဲ စည်းကားသိုက်မြိုက်စွာ ကျင်းပ

နမ္မတူ ဖေဖော်ဝါရီ ၂၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် လီဆူတိုင်းရင်းသား သမိုင်းဓလေ့အမွေအနှစ်များအား ထိန်းသိမ်းရန်အတွက် လီဆူစာပေနှင့်ယဉ်ကျေးမှု(၁၀၆)နှစ်ပြည့် အထိမ်းအမှတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၈)အခြေခံပညာမူလတန်းလွန်းကျောင်းဝင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ လီဆူတိုင်းရင်းသားလူမျိုးများ၏ လီဆူစာပေနှင့်ယဉ်ကျေးမှု (၁၀၆)နှစ်ပြည့်အထိမ်းအမှတ်နှင့် လီဆူရိုးရာနှစ်ကူးပွဲတော်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း၊ ရှမ်းပြည်နယ် လီဆူစာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်လီ၊ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး(ငြိမ်း) ဦးဂူဆာနှင့် ကချင်တိုင်းရင်းသား စာပေနှင့် ရိုရာယဉ်ကျေးမှုဥက္ကဋ္ဌတို့က ဖဲကြိုဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာသောဌာနဆိုင်ရာ အကြီးအကဲများနှင့် ဧည်ပရိတ်သတ်အပေါင်းတို့မှ လီဆူရိုးရာ ကွာချေးအကတွင် ပူပေါင်းပါဝင်ခဲ့ကာ စင်မြင့်ရှေ့တွင် နေရာယူခဲ့ကြောင်း သိရသည်။

ထို့နောက် အခမ်းအနားအားကျင်းပရာ နမ္မတူမြို့နယ် လီဆူစာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးဝမ်လုဖက ကြိုဆိုနှုန်ခွန်းဆက်စကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းက အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍   လီဆူတိုင်းရင်းသားရေးရာဝန်ကြီး (ငြိမ်း) ဦးဂူဆာ၊ ရှမ်းပြည်နယ် လီဆူစာပေနှင့်ယဉ်ကျေးမှုအသင်း အထွေထွေအတွင်းရေးမှူး ဦးလီလေတို့က ထပ်ဆင့်အမှာစကားပြောကြားခဲ့ပြီး နမ္မတူမြို့နယ် လီဆူစာပေနှင့်ရိုရာယဉ်ကျေးမှုအသင်းဒုဥက္ကဋ္ဌ ဦးဇော်ဇော်လတ်မှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် နိုင်ငံကျော် လီဆူတိုင်းရင်းသားအဆိုတော်များ၏ ဖျော်ဖြေတင်ဆက်ခြင်းနှင့် တိုင်းရင်းသားရိုးရာ အကပဒေသာများအား ကြည့်ရှုအားပေးခဲ့ပြီး လီဆူစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ပြခန်းအား လေ့လာကြည့်ရှုခဲ့ကြသည်။

လီဆူတိုင်းရင်းသားလူမျိုးများ၏ လီဆူစာပေနှင့်ယဉ်ကျေးမှု (၁၀၆)နှစ်ပြည့်အထိမ်းအမှတ်နှင့် လီဆူရိုးရာနှစ်ကူးပွဲတော်ကို ဖေဖော်ဝါရီလ(၂၈)ရက်မှ မတ်လ(၁)ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိပြီး တေးသံရှင်များ၏ဖျော်ဖြေခြင်း၊ ရိုရာဓလေ့အဆို၊ အက၊ ပျော်ပွဲရွင်ပွဲများအပြင် ဘော်လီဘော၊ ပိုက်ကျော်ခြင်းနှင့် ဒူးလေးပစ်စသည့် ပြိုင်ပွဲများပါ ထည့်သွင်းကျင်းပလျက်ရှိကြောင်း နမ္မတူမြို့နယ် လီဆူစာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးဝမ်လုဖထံက သိရသည်။

လူမော် (ပြန်/ဆက်)