နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ကိုဗစ်-၁၉ ချေးငွေဆိုင်ရာ Success Story Survey စီမံချက်အကောင်အထည်ဖော်ရန်အတွက် လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲ အခမ်းအနားတက်ရောက်

နေပြည်တော်  ဖေဖော်ဝါရီ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/လုပ်ငန်းများ၏ Success Story Survey စီမံချက်အား အကောင်အထည်ဖော်ရန်အတွက် လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပျဉ်းမနားခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုး        တိုးတက်စေရေးအတွက် MSMEs လုပ်ငန်းများအား ပံ့ပိုးဆောင်ရွက်ခြင်း၊ လုပ်ငန်းများသို့ ကိုဗစ်ချေးငွေများထုတ်ချေးပေးခြင်း၊ ချေးငွေကာလ သက်တမ်းတိုးပေးခြင်းတို့ကို အလေးထားဆောင်ရွက်ပေးလျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် ချေးငွေများကိုမိမိတို့လုပ်ငန်းအတွက် အကျိုးရှိ ထိရောက်စွာ အသုံးပြုပြီး သတ်မှတ်ကာလတွင် ချေးငွေအတိုးအရင်းများကို မှန်မှန်ကန်ကန် ပြန်လည်ပေးဆပ်ရန်၊ ကိုဗစ်ချေးငွေကိုအသုံးပြုပြီးလုပ်ငန်းများ ကောင်းမွန်စွာပြန်လည် လည်ပတ်လာနိုင်ရန် ဆောင်ရွက်ခဲ့သည့်အခြေအနေများ ထင်ဟပ်ပေါ်လွင်စေရန်အတွက် Success Story Survey ဆိုင်ရာ အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းပေးကြရန်နှင့် တာဝန်ကျေပွန်သော၊ တာဝန်ယူမှုအပြည့်ရှိသော လုပ်ငန်းများအဖြစ်ရပ်တည်ကာ ရေရှည်အောင်မြင်တိုးတက်သော လုပ်ငန်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် နေပြည်တော် ချေးငွေစိစစ်ကြပ်မတ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နွယ်က Success Story Survey အချက်အလက်များကောက်ခံမည့် အစီအစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသည့် ကုမ္ပဏီ/လုပ်ငန်းများမှ တာဝန်ရှိသူများက ကုမ္ပဏီ/လုပ်ငန်း များ၏ Success Story Survey ဆိုင်ရာ အချက်အလက်များကို ဖြည့်သွင်းပေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ယူထားသည့် ချေးငွေများအကျိုးရှိစွာ အသုံးချမှုအပေါ်စိစစ်ကြပ်မတ်ရေးအဖွဲ့နေပြည်တော်နှင့် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူခွင့်ရရှိထားသည့်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)