နမ့်စန်(တ) ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်တွင် တည်ထားကိုးကွယ်သည့် ဆတိုးဆုတောင်းပြည့် ရွှေစည်းခုံပုံတူစေတီတော်မြတ်ကြီးအား အထက်ဌာပနာသွင်းလှူခြင်းနှင့် ရတနာရွှေထီးတော် စိန်ဖူးတော်တင်လှူပူဇော်ပွဲကြီးကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက ဆတိုးဆုတောင်းပြည့် ရွှေစည်းခုံပုံတူ စေတီတော်မြတ်ကြီး ရတနာရွှေထီးတော် စိန်ဖူးတော်တင်လှူပူဇော်ပွဲကြီးကို မတ်လ ၁ရက်နေ့မှ မတ်လ ၅ ရက်နေ့ အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် နာယကအဖွဲ့၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ အဆင့်ဆင့် ဖွဲ့စည်းထားမှုအခြေအနေ၊ လုပ်ငန်းတာဝန်များ၊ အခမ်းအနားပြင်ဆင်ရေး၊ အခမ်းအနားကျင်းပရေး၊ ဆွမ်းဆန်စိမ်းလောင်းလှူရေး၊ ဖိတ်ကြား ရေးနှင့်ကြိုဆိုနေရာချထားရေး၊ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေး၊ သံဃာတော် များပင့်ဆောင်ရေး၊ သယ်ယူပို့ဆောင်ရေး၊လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး၊ ကျန်းမာရေး၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေး၊ ဖျော်ဖြေရေး နှင့်ဘဏ္ဍာငွေရှာဖွေရေး စသည်တို့ကို ကဏ္ဍတစ်ခုချင်းအလိုက် ဆွေးနွေးခဲ့ပြီးပေးအပ်သည့်တာဝန်များအပေါ် ကြိုတင်ပေါင်းစပ်ညှိနှိုင်း၍ အောင်မြင် ပြီးမြောက်အောင်ဆောင်ရွက်ကြရန်ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော လုပ်ငန်းကော်မတီအသီးသီးမှဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ဘုရားဂေါပကအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းအလိုက် ဆွေးနွေးတင်ပြခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးအပြီးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်မိုးနှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများက ထီးတော်တင်လှူပူဇော်ပွဲကျင်းပမည့် ဆတိုးဆုတောင်းပြည့် ဘုရားဝန်းအတွင်း ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ ဆက်လက်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)