ချမ်းမြသာစည် ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော အသိပညာ ဗဟုသုတ တိုးပွားစေရေး၊စာဖတ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရေးတို့ကို ရည်ရွယ်၍ ရေးသူ/ဖတ်သူ ဆွေးနွေးပွဲကို ယနေ့နံနက်၁၀နာရီက လူထုအခြေပြုဗဟိုဌာနရှိ ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်း၀င်းက စာပေဆွေးနွေးပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ သန်းစိုးအောင်က ဆွေးနွေးပွဲပြုလုပ်သည့် စာအုပ်ဖြစ်သည့် လူငယ်တွေအောင်မြင်ဖို့ ဆိုလျှင် စာအုပ်ရေးသားထုတ်ဝေခဲ့သည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက အဆိုပါစာအုပ်တွင် စာရေးသူကိုယ်တိုင် ရေးသားထားသည့် လူငယ်အသိပညာပေး ဆောင်းပါးများကို ဝိုင်း၀န်းဆွေးနွေးခဲ့ရာ ဆွေးနွေးချက်များအပေါ် စာရေးဆရာ သန်းစိုးအောင်က ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး စာရေးဆရာ/ဆရာမကြီးများက ၎င်းတို့ကိုယ်တိုင်ရေးသားထားသည့် စာအုပ်စာစောင်များအား ပြည်သူ့စာကြည့်တိုက်သို့ ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်း၀င်းက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ရေးသူ/ဖတ်သူ ဆွေးနွေးပွဲသို့ ချမ်းမြသာစည် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌနှင့် စာရေးဆရာကြီးများ၊ အယ်ဒီတာများ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်စိမ်း၀င်း (ပြန်/ဆက်)