ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ပူတာအိုမြို့ သစ်ပင်ပန်းမံများဖြင့် သန့်ရှင်းသာယာလှပရေးနှင့် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ပူတာအို ဖေဖော်ဝါရီ ၂၈

 ကချင်ပြည်နယ်၊ ပူတာအိုမြို့ သစ်ပင်ပန်းမံများဖြင့် သန့်ရှင်းသာယာလှပစေရေးနှင့် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများအား ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးဝင်းဗိုလ်နှင့် အတူ ဖေဖော်ဝါရီ(၂၈)ရက် နံနက် (၇)နာရီက ပူတာအိုမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးသည်။

ရှေးဦးစွာ ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  မြို့အင်္ဂါရပ်နှင့် အညီ အဆင့်မြှင့်တင်ဆောင်ရွက်သွားမည့် ပေ(၂၀၀)ပတ်လည်ရှိ ရာဇီပန်းခြံ မြို့နယ်အမှုဆောင်အရာရှိ ဦးတင်ကိုလွင်က ပန်းခြံအတွင်း ကလေးများကစားရန် (လျှောစင်နှင့်ဒန်း)များ ဆောင်ရွက်ခြင်း၊ အများ ပြည်သူများ နားနေဆောင် ဆောက်လုပ်ခြင်း၊ ပန်းခြံမုခ်ဦးတည်ဆောက်ခြင်း၊ ပန်းခြံအဝင် ကွန်ကရစ်လျှောက်လမ်းများ ပြုလုပ်ခြင်း၊ မြေယာရှုခင်း များ ဆောင်ရွက်ခြင်းနှင့် ပန်းခြံအတက်/အဆင်း လှေကားဆောင်ရွက်မည့် အစီအမံများကို တည်နေရာပြမြေပုံဖြင့်ရှင်း လင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက ပူတာအိုမြို့သည် ခရိုင်ရုံးစိုက်ရာမြို့လည်းဖြစ်သလို ခရီးသွားမြို့တော်ဖြစ် လာနိုင်သည့်အတွက်  အမြဲတမ်းသန့်ရှင်းသာယာလှပရေး အရိပ်ရပင်၊ အလှပန်းပင်များကို မြို့၏ လမ်းဘေးဝဲ/ယာ များတွင် စနစ်တကျ စီမံချက်ရေးဆွဲစိုက်ပျိုးသွားရေး၊ ပန်းခြံအတွင်း အများပြည်သူများ စိတ်အေးချမ်းသာစွာ အနားယူ အပန်းဖြေနိုင်ရေးနှင့် အားကစားလှုပ်ရှားမှုပြုလုပ်မည့် နေရာများကို စနစ်တကျထားရှိရေး မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ဖြည့်စွက်ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း(၁၇၃.၄၀)သန်းဖြင့် မဂွေချောင်းဖျားမှ လေယာဉ်ကွင်း ရပ်ကွက်အထိ ရေးပေးဝေနိုင်ရေး ဂါလံ(၃၀၀၀၀)ဆံ့ ရေလှောင်ကန် တည်ဆောက်ရေးလုပ်ငန်းခွင်၌ တာဝန်ရှိသူများက ရေတားတမံ၊ ရေစစ်ကန်၊ ရေဝေကန်၊ သုံးမိုင် PVC ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေ များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း (၄၁.၁၉)သန်းဖြင့် ပူတာအိုလေဆိပ် သွားလမ်းအရှည်ပေ (၆၅၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၈)လက်မ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိပြီး မြို့နယ်အမှုဆောင် အရာရှိနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက သတ်မှတ်ချိန်အမီပြီးစီးရေးနှင့် လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက် (ပူတာအို)