လိပ်သို ဖေဖော်ဝါရီ ၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး ဒေသခံပြည်သူများသည် ဥယျာဉ်ခြံသီးနှံများကို အဓိကစိုက်ပျိုး အသက်မွေးဝမ်းကြောင်း ပြုကြသော်လည်း စားဖိုချောင်သုံး ဟင်းသီးဟင်းရွက်ပင်များကို စိုက်ပျိုးလုပ်ကိုင် ရောင်းကြချခြင်းဖြင့် မိသားစုစားဝတ်နေရေးကို အထောက်အကူပြုနေ သည့်အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ယင်းသီးနှံပင်များအနက် စားသုံးမှုများပြားသည့် ဆလပ်စိုက်ပျိုးရောင်းချခြင်းဖြင့် ပိုမိုအဆင်ပြေကြောင်း သိရသည်။ ဆလပ်ပင်ကို တော်သလင်းလမှ တပို့တွဲလအတွင်း စိုက်ပျိုးနိုင်ကြောင်း ၊ ဘောင်သီးသန့်ပြုလုပ်ပြီး မျိုးစေ့ကို အပင်ဖောက်ကာ စိုက်ပျိုးနိုင် ကြောင်း ၊ အပင်ငယ်များမှာ (၃) လက်မအရွယ်ရောက်ရှိပါက သီးသန့်ဘောင်များပေါ်သို့ ပြောင်းရွေ့ကာ ပင်ကြား တန်းကြား (၉) လက်မထားရှိကာ စိုက်ပျိုးနိုင်ကြောင်း၊ အပင်ရှင်သန်မှုအပေါ် မူတည်ကာ ရေဖျန်းပေးရကြောင်း သိရသည်။
ယခုလက်ရှိအချိန်တွင် ဆလပ်ရွက် ဝယ်ယူစားသုံးမှုများပြားသည့်အတွက် (၁) ပင် လျှင် ငွေကျပ် (၂၀၀) မှ (၂၅၀) ဈေးအထိရှိကြောင်း ဆလပ်စိုက်ပျိုးရောင်းချသူ အမှတ် (၆) ရပ်ကွက်နေ ပြည်သူတစ်ဦးထံမှ သိရသည်။
ခင်လေးနွယ် (လိပ်သို)