တန့်ယန်း ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့ ဆင်များရှင်တောရ တပ်ဦးကျောင်းတိုက်၏ စတုတ္ထအကြိမ်မြောက် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက တပ်ဦးကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော်၍ ဖွင့်လှစ်ပြီး ကံဝိန်းပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဇဝနထံမှ ဧည့်ပရိတ်သတ်အပေါင်းက ငါးပါးသီလခံယူဆောက်တည်ကြကာ တပ်ဦးကျောင်းတိုက်မှ ဆရာတော်ဘဒ္ဒန္တနန္ဒိယက ပဌာန်းတရားတော်များ နာယူနိုင်ရန် နတ်ဗြဟ္မာများအား ပင့်ဖိတ်သည်။
ယင်းနောက် ကိုင်းကုန်းပရိယတ္တိစာသင်တိုက်မှ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဒေဝိန္ဒောဘာသကပဌာန်း အမွှန်းဂါထာကိုရွတ်ဖတ်ကာ ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော် အရှင်သူမြတ်များတို့က ပဌာန်းတရားတော်များကို ငါးရက်တိုင်အလှည့်ကျ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)