ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီ၏ သတ္တမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

ဟားခါး ဖေဖော်ဝါရီ ၂၄

ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီ၏ သတ္တမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ဟားခါးမြို၊ ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်ဝန်ကြီးချုပ်ရုံးခန်း၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် အမှာစကား ပြောကြားသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုလို စားသုံးသူရေးရာ ကော်မတီအစည်းအဝေးကို ပုံမှန်ပြုလုပ်ခြင်းဖြင့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းများနှင့် စားသုံးသူကာကွယ်ရေးဥပဒေကို ပြည်သူများအပေါ် ပိုမိုထိရောက်လွှမ်းခြုံမှု အားကောင်းလာမည်ဖြစ်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် (၁/၂၀၂၃)ကြိမ်မြောက် စားသုံးသူရေးရာ ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများကို တွေ့ရသည့်အတွက် မိမိအနေဖြင့် ဂုဏ်ယူပါကြောင်း၊ စားသူရေးရာ ဦးစီးဌာနအနေဖြင့် ပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများကို စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးရေး လုပ်ငန်းများ၊ စျေးကွက်အတွင်း စစ်ဆေးရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့် လုပ်ငန်းတာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို စားသုံးသူ ပြည်သူများသာမက လုပ်ငန်းရှင်များကို စဉ်ဆက်မပြတ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန်လိုကြောင်း၊ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများနှင့် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းစသည့် စားသုံးသူကာအကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် စားသုံးသူပြည်သူများအတွက်လည်း ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်၊ လူသုံးကုန်ပစ္စည်းများကို အသုံးပြုလာမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့်လည်း မိမိတို့၏ ထုတ်ကုန်နှင့် ကုန်ပစ္စည်းများအပေါ်တွင် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာမည်ဖြစ်ကြောင်းဖြင့် အမှာစကား ပြောကြားသည်။

ဆက်လက်၍ ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးလှမိုးနိုင်က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် မိမိတို့ ဌာနအနေဖြင့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ၊ စျေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံမှုများ၊ ဟားခါးမြို့ပေါ်ရှိ အခြေခံစားသောက် ကုန်ဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ စာရင်းကို ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ နေ့စဉ်စိစစ်တင်ပြသွားမည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်နယ် စားသုံးသူရေးရာကော်မတီဝင်များအနေဖြင့် ရှေ့ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွား မည့် လုပ်ငန်းစီမံချက်များအပေါ် အကြံပြု ဆွေးနွေးပေးစေလိုကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ် စားသုံးသူရေးရာကော်မတီဝင်များက မိမိတို့ဌာနအလိုက် ကွင်းဆင်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက ချင်းပြည်နယ်တွင် ပြည်နယ် စားသုံးသူရေးရာကော်မတီအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇွန်လမှစ၍ စတင်ပြုလုပ်ကျင်းပခဲ့ရာ ယခုကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး သည် သတ္တမအကြိမ်မြောက် ကော်မတီအစည်းအဝေး ဖြစ်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် စားသုံးသူပြည်သူများကို အသိပညာပေးခြင်း၊ ဟောပြောခြင်းများကို ပိုမိုလုပ်ဆောင်နိုင်သည့်အတွက် ဂုဏ်ယူပါကြောင်းနှင့် ကော်မတီ၏လုပ်ငန်းများကို ဆက်လက်ကြိုးစား ဆောင်ရွက်စေလိုကြောင်းဖြင့် တင်ပြဆွေးနွေးသည်။

ယင်းနောက် ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)