ကျောက်မဲ ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နွေရာသီ အခြေခံအား ကစားနည်း (၅)မျိုး အခမဲ့သင်ကြားပေးမည် ဖြစ်သည်။
အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းအား (၁-၃-၂၀၂၃) ရက်နေ့မှ (၂၀-၃-၂၀၂၃)ရက်နေ့ အထိ ဖွင့်လှစ်မည်ဖြစ်ပြီး အမှတ်(၈) ရပ်ကွက်၊ မြို့နယ်အားကစားကွင်း၌ ဘောလုံး၊ မြန်မာ့သိုင်းနှင့် အေရိုးဗစ်ကစားနည်းများကိုလည်းကောင်း၊ အမှတ်(၁)ရပ်ကွက် မိုးလုံလေလုံအားကစားရုံ၌ ကရာတေး၊ စားပွဲတင်တင်းနစ် စသည့်အားကစားနည်းများကိုလည်းကောင်း သက်ဆိုင်ရာနည်းပြ ဆရာများဖြင့် စနစ်တကျ လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်သည်။
အဆိုပါနွေရာသီအခြေခံအားကစားသင်တန်းများသို့ စိတ်ပါဝင်စားသူတိုင်း မည်သူမဆို တက်ရောက် သင်ကြားနိုင်မည်ဖြစ်ပြီး တက်ရောက်သင်ကြားလိုသော ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ကျောက်မဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးသို့ ယနေ့မှစ၍ ရုံးချိန်အတွင်း လူကိုယ်တိုင်လာရောက် ဆက်သွယ်လျှောက်ထားနိုင်ကြောင်း မြို့နယ်အားကစားမှူးထံမှ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)