သမဝါယမကောလိပ်(မန္တလေး)၌ လူငယ်စကားဝိုင်းကျင်းပ

ပုသိမ်ကြီး ဖေဖော်ဝါရီ  ၂၄

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် သမဝါယမကောလိပ် (မန္တလေး)တို့ ပူးပေါင်း၍ မျိုးဆက်သစ်လူငယ် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး  ဘက်စုံထူးချွန်ထက်မြတ်သူများ ပေါ်ထွန်းစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါကောလိပ်ရှိ ရန်ကင်းခန်းမဆောင်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သမဝါယမကောလိပ် (မန္တလေး) ကျောင်းအုပ်ကြီး ဒေါက်တာတင်မူအေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက လူငယ်စကားဝိုင်းများ ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများမှ မသက်ဝေက အားကစားနှင့် အပန်းဖြေခြင်း ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မကြည်ဇင်ဝင်းက မူးယစ်ဆေးနှင့် အခြားဘေးအန္တရာယ်များအကြောင်း၊ မောင်နိုင်နိုင်စိုးက ကျန်းမာရေးအကြောင်းကို လည်းကောင်း၊ မသီရိဖြိုးဝေက ပညာရေး အကြောင်းကို လည်းကောင်း၊ မဆုပြည့်စုံက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မောင်မင်းသီဟက ငြိမ်းချမ်းရေး ခေါင်းစဥ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ သမဝါယမကောလိပ်(မန္တလေး) ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ဆရာ၊ဆရာမများ၊ ဝန်ထမ်းများ၊ မေဂျာပေါင်းစုံမှ ကျောင်းသား/သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

(၀၉၅)