သာစည် ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကျောင်းသား/သူများ နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်များ၌ အချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်ရန် ရည်ရွယ်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနကကြီးကြပ်ပြီးနွေရာသီ အားကစားသင်တန်းများကို မတ် ၁ ရက်နေ့က စတင်၍ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူးဦးဟိန်းဇာထွန်းထံက သိရသည်။
“ခုလိုနွေရာသီအားလပ်ရက်ကျောင်းပိတ်ချိန်မှာ အချိန်ကိုအကျိုးရှိရှိနဲ့ကုန်ဆုံးစေဖို့ ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ပါတယ် ခုလိုအခြေခံသင်တန်းတွေ ဖွင့်လှစ်ပေးခြင်းအားဖြင့် လူငယ်တွေအနေ နဲ့ ကိုယ်ခန္တာကြံ့ခိုင်သန်စွမ်းလာပြီး ကာယဗလနဲ့ ပြည့်စုံလာမယ် မိတ္တဗလလို့ခေါ်တဲ့ မိတ်ဆွေအပေါင်းအသင်းကောင်းတွေ ပိုတိုးလာမယ် စုပေါင်းဆောင်ရွက်ရတဲ့ အားကစားနည်းတွေကနေ စုပေါင်းဆောင်ရွက်တတ်တဲ့အလေ့အကျင့်ကောင်းတွေ ရရှိလာမယ်နောက်ပြီးခုလို အခြေခံသင်တန်းတွေကတဆင့် နိုင်ငံကအားထားရတဲ့အားကစားသမားတွေ ပေါ်ထွက်လာနိုင်ပါတယ် ဒါကြောင့် လူငယ်တွေအနေနဲ့ ဒီသင်တန်းတွေကို လာရောက်တက်စေချင်ပါတယ်” ဟု၎င်းက ပြောသည်။
နွေရာသီအားကစားသင်တန်းများကို ကရာတေး၊ မြန်မာ့သိုင်း၊ မြန်မာ့ရိုးရာခြင်းလုံးကစားနည်း၊ ဘော်လီဘော၊ဘောလုံးနှင့်Fitness Dance ကစာနည်း ၆ မျိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကစားနည်းသင်တန်းများကို မတ်လအတွင်းဖွင့်လှစ်သွားမည်ဖြစ်ပြီး ကရာ တေးသင်တန်းကိုမတ် ၁ ရက်တွင် မြို့နယ်ပြည်သူ့အားကစားပြိုင်ကွင်း၌ စတင်ဖွင့်လှစ်သွား မည်ဖြစ်ကြောင်းနှင့် သင်တန်းများတက်ရောက်လိုပါက မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနသို့ ယနေ့မှစ၍လာရောက် စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)