မိုင်းငေါ့ ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများ လိုက်နာရမည့်နည်းလမ်းများကို ယနေ့နံနက်(၁၀) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေး နှိုးဆော်ခဲ့ကြသည်။
အဆိုပါနှိုးဆော်ရာတွင် ယခုအခါသည် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သောကြောင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးကြရန်၊ ရုံးဌာနများ၊ လူနေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးစုံလင်စွာ ထားရှိရန် အပူချိန်မြင့်မားပြီး လေပြင်းတိုက်ခိုက်ချိန်တွင် မီးဖိုခြင်း၊ မီးရှို့ခြင်းမပြုလုပ်ကြရန်၊ မီးဖိုအနီးတွင် လောင်စာများ ထားရှိခြင်းမပြုလုပ်ကြရန်နှင့် မီးဖိုဘေးပတ်လည်တွင် သွပ်ပြား(သို့မဟုတ်)သံပြားများ ကာရံထားကြရန်၊ လျှပ်စစ်မီးအသုံးပြုပါက ဟောင်းနွမ်းပေါက်ပြဲနေသော ဝါယာကြိုးများ၊ မီးခလုတ်များအား အသုံးမပြုရန်၊ ရုံးဌာနများ၊ လူနေအိမ်များတွင် လူစောင့်မရှိပါက သေချာစွာစစ်ဆေးပြီး မီးခလုတ်များကို ပိတ်ထားကြရန်၊ စက်ရုံများ၊ စားသောက်ဆိုင်များ၊ အခြားမီးဘေးစိုးရိမ်ရသော လုပ်ငန်းများတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လုံလောက်သော မီးသတ်ပစ္စည်းကိရိယာများ၊ မီးသတ်ဆေးဘူးများထားရှိကြရန်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ အခါအားလျှော်စွာ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ စည်းကမ်းချက်များ၊ တားမြစ်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရန်၊ မီးငြိမ်းသတ်ရန် ထွက်ခွါလာသော မီးသတ်တပ်ဖွဲ့များနှင့် မီးသတ်ယာဉ်များကို အကြောင်းမဲ့ဟန့်တားခြင်း၊ လမ်းပိတ်ဆို့ခြင်း၊ နှောင့်ယှက်ခြင်းမပြုလုပ်ကြရန် စသည့်အချက်များကို အသိပညာပေး နှိုး ဆော်ခဲ့ကြသည်။
ထို့သို့ နှိုးဆော်ရာတွင် မိုင်းငေါ့နယ်မြေမီးသတ်စခန်းမှ စခန်းတာဝန်ခံ ဒုတိယဦးစီးမှူး ဦးအောင်နိုင်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်အတွင်းသို့ လှည့်လည် အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မြင့်သွယ် (မိုင်းငေါ့၊ ပြန်/ဆက်)