ကလိန်အောင် ဖေဖော်ဝါရီ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ယခုအခါ သီဟိုဠ်စေ့ စတင်ထွက်ချိန်ရာသီတွင် ပြည်ပနိုင်ငံမှ ဝယ်လိုအားများသော်ကြောင့် မနှစ်ကပေါက်ဈေးထက် ဈေးကောင်းပိုရရှိကြောင်း ကလိန်အောင်မြို့ရှိ သီဟိုဠ်သီးပင်စိုက်ပျိုး တောင်သူများထံမှ သိရသည်။
" ဒီနှစ်က ခြံမှာက သီဟိုဠ်အစေ့အသီးကင်းထွက်တာများတယ်၊ အခုတော့နည်းနည်းပါးပါး အစေ့ကောက်ယူနေရပါပြီး၊ ဒီနှစ်ပေါက်ဈေးကတော့ မနှစ်က ဈေးထက် ထက်ဝက်ကျော်လောက် ပိုရတယ်၊ ပြင်ပနိုင်ငံပို့ကုန်ဖြစ်တော့ ဒီနှစ် အရောင်းအဝယ် ကောင်းတာဖြစ်မယ်ထင်တယ်" ဟု စိုက်ပျိုးတောင်သူတစ်ဦးက ပြောသည်။
မနှစ်ကတွင် သီဟိုဠ်စေ့စတင်ပေါ် ချိန်မှာဈေးနှုန်းမှာ တစ်ပိဿာကို ငွေ ၂၅၀၀၊ ၂၇၀၀ ကျပ်အထိသာ ဈေးရရှိပြီး ဒီနှစ်မှာ ပေါ်ဦးပေါ်ဖျား အစေ့စထွက်ချိန်ကတည်းက တစ်ပိဿာကို ငွေ ၄၅၀၀၊ ၄၈၀၀ ကျပ်အထိ ဈေး ကောင်းရရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
ကလိန်အောင်မြို့၏ ဒေသထွက်ကုန်များတွင် ပြည်ပပို့ကုန် ဖြစ်သော သီဟိုဠ်စေ့မှာ ရာသီသီးနှံဖြစ်ပြီး ဖေဖော်ဝါရီလမှ စတင်၍ ဈေးကွက်သို့ ဝင်ရောက်လျက်ရှိရာ ဧပြီလပိုင်းတွင် သီဟိုဠ်စေ့လှိုင်လှိုင်ပေါ် သည့်အချိန် ဖြစ်ပြီး သီဟိုဠ်စေ့မှာ မိုးမရွာခင်အချိန်အထိ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ကြောင်း ကလိန်အောင်မြို့ရှိ သီဟိုဠ်စေ့ အရောင်းအဝယ်လုပ်ကိုင်သူထံမှ သိရသည်။
ကလိန်အောင်မြို့ရှိ သီဟိုဠ်စေ့ အရောင်းအဝယ်လုပ်ကိုင်သူဒိုင်တစ်ဦးက " သီဟိုဠ်စေ့ကို တရုတ်ပြည်နဲ့ ထိုင်းနိုင်ငံကအဓိကဝယ်ယူတာလေ၊ ကျွန်မတို့က ဒီကနေပြီး ဝယ်ယူရရှိသော သီဟိုဠ်စေ့ကုန်ကြမ်းများကို ရန်ကုန်ဈေးကွက်သို့ အဓိက တင်ပို့တာဖြစ်ပြီး ရန်ကုန်က အဝယ်ဒိုင်ကြီးတွေက ပြင်ပနိုင်ငံဖြစ်တဲ့ တရုတ်ပြည်နှင့် တစ်ခြားနိုင်ငံတွကို တင်ပို့ရောင်းချ လျက်ရှိကြောင်း" ၎င်းကပြောသည်။
ကလိန်အောင်မြို့ဒေသသည် စိုက်ပျိုးရေးကို စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် အဓိကထား၍ လုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံအဖြစ်သီဟိုဠ်စေ့အပင်၊ ရော်ဘာ၊ အုန်းပင်၊ ကွမ်းသီးပင် များကို မြို့အတွင်းရှိ ကျေးရွာများဖြစ်သော ကျောက်ရှပ်ကျေးရွာ၊ မိကျောင်းလှောင်း၊ မရမ်းချောင်း၊ ရာဖူး၊ ရေပုံးစသည့် ကျေးရွာများတို့ ဒေသထွက်ကုန်တစ်ခုအဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)