တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို ဒေသဝမ်းစာဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြိတ်မြို့နယ်ရှိ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းရှင်များနှင့် တောင်သူများအားတွေ့ဆုံ

မြိတ် ဖေဖော်ဝါရီ  ၂၁

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ အစည်းအဝေးခန်းမတွင် ဒေသဝမ်းစာဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင်များနှင့် တောင်သူများအား တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် ဝန်ကြီးချုပ် ဦးမြတ်ကိုက စိုက်ပျိုးရေးလုပ်ကိုင်နေသူများရဲ့ လိုအပ်တာတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်ပေးနိုင်ရေးနှင့် ဒေသဝမ်းစာဖူလုံမှုရှိအောင် ကြိုးပမ်း ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးအဖွဲ့များနှင့် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ဒေသတွင်း ဝမ်းစာဖူလုံဖို့ စပါးစိုက်ဧကတိုးချဲ့တာထက် တစ်ဧကအထွက်နှုန်း တိုးတက်ရေးဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း၊ မိုးစပါးကို ဧက () သိန်းကျော် စိုက်ပျိုးကြပြီး နွေစပါးအနေနှင့် စိုက်ပျိုးမှု နည်းပါးကြောင်း၊ နွေစပါးစိုက်ပျိုးရာမှာ အောင်ရေရရှိပြီး စပါးစိုက်ပျိုးနိုင်အောင် ရေထိန်း တံခါးနဲ့ မြေသားတမံများ ဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးပေးကြစေလိုကြောင်း၊ တိုင်းဒေသကြီး ဒေသဝမ်းစာ ဖူလုံမှုအနေနှင့် (၇၀) ရာခိုင်နှုန်းသာရှိကြောင်း၊ ယခုထက်ပိုမိုပြီး ဒေသဝမ်းစာ ဖူလုံမှုရှိအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တောင်သူများအနေနဲ့ စပါးအထွက်တိုးဖို့ စိုက်ပျိုးပေးကြဖို့ တိုက်တွန်းလိုကြောင်း၊ အထွက်တိုး မျိုးစပါးများဝယ်ယူပြီး  စမ်းသပ်စိုက်ပျိုးရန် ပံ့ပိုးပေးသလို လယ်သမားအစုအဖွဲ့သို့ စုပေါင်း ချွေလှေ့စက်နဲ့ ထွန်စက်တွေကို နိုင်ငံတော်စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဝယ်ယူပေးခဲ့ကြောင်း၊ လာမယ့်နှစ်တွင် မိုးစပါး၊ နွေစပါး လျာထားဧကအတွက် မျိုးစပါးများ ဖြန့်ဖြူးပေးအပ်သွား မှာဖြစ်ပြီး ဝမ်းစာဖူလုံရေး စိုက်ပျိုးပေးကြစေလိုကြောင်း၊ နွေစပါးစိုက်ပျိုးဖို့ ရေရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊  အောင်ရေမရသည့်နေရာများတွင် ပဲများ စိုက်ပျိုးကြ စေလိုကြောင်း၊ ဒေသနဲ့ကိုက်ညီသည့် မျိုးစပါးများကို စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထိုနောက် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းထိုက်က စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေး၊ အထွက်တိုး မျိုးကောင်းမျိုးသန့်မျိုးစပါးများ ပြောင်းလဲစိုက်ပျိုးရေး၊ စိုက်ပျိုးရေး နည်းပညာများ ပညာပေးဆောင်ရွက်မှုများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာဝင်းဗိုလ်က မွေးမြူရေးလုပ်ငန်းကဏ္ဍ ပိုမိုးတိုးချဲ့မွေးမြူဆောင်ရွက်ရေး လုပ်ငန်းစဉ်များနှင့် ပညာပေးဆောင်ရွက်နေမှုများ၊ ငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ညီတိုးက ငါးလုပ်ငန်းဆိုင်ရာများနှင့် ပြည်ပတင်ပို့ဆောင်ရွက်မှု အခြေအနေများ၊ ငါးပုစွန်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့မွေးမြူနိုင်ရေးလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြ သည်။

ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တောင်သူများက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ၊ နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် လိုအပ်ချက်များ၊ ကုန်ထုတ်လမ်း များဖောက်လုပ်ပေးနိုင်ရေး၊ ဒီရေတားတမံများ ဆောင်ရွက်ပေးနိုင်ရေးနှင့် အခက်အခဲများကို ဆွေးနွေးတင်ပြခဲ့ကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။ တင်ပြချက်များနှင့်စပ်လျဉ်း၍ ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လာမည့်နှစ်တွင် တိုင်းဒေသကြီး ဘဏ္ဍာ ရန်ပုံငွေများ ပိုမိုလျာထားပြီး ဒေသဝမ်းစာဖူလုံရေးအတွက် တောင်သူများ၏ လိုအပ်ချက်များကို ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)