ကရင်ပြည်နယ်အတွင်းမှ ဆေးဘက်ဝင်ပရဆေးသီးနှံများအား တန်ဖိုးမြှင့်ထုတ်လုပ်၍ ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေးကြိုးပမ်းဆောင်ရွက်

ဘားအံ ဖေဖော်ဝါရီ ၂၁

ကရင်ပြည်နယ်အတွင်းရှိ ဒေသအသီးသီးမှထွက်ရှိသော ဆေးဘက်ဝင် ပရဆေးသီးနှံများအား ခေတ်မီစက်ကိရိယာ၊ နည်းပညာများဖြင့် တန်ဖိုးမြှင့်ထုတ်လုပ်၍ ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ စက်မှုဇုန်အနီးရှိ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးနည်းပညာဥယျာဉ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြေဧရိယာ ၄၀ ဧကခန့်ကျယ်ဝန်းသော စိုက်ပျိုးရေးနည်းပညာဥယျာဉ်အတွင်း ခရမ်းချဉ်၊ သခွားမွှေးကဲ့သို့သော ဈေးကွက်ဝင်သီးနှံလေးမျိုးအား Green House အမိုးအကာအောက်တွင် အစ္စရေးနည်းပညာ ရေအစက်ချနည်းဖြင့် Demonstration Farm စိုက်ခင်း ထူထောင်နိုင်ရေးဆောင်ရွက်ထားမှုအာကြည့်ရှုစစ်ဆေးရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးဇော်ဝမ်းနှင့်တာဝန်ရှိသူများက ဈေးကွက်ဝင်သီးနှံသရုပ်ပြစိုက်ခင်း ဆောင်ရွက်မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ခင်းများအတွက် မြေဩဇာအဖြစ် ထည့်သွင်းအသုံးပြုနိုင်သော စပါးခွံမြေဆွေးပြုလုပ်ပုံအဆင့်ဆင့်၊ စပါးခွံမှ Biochar စပါးခွံမီးသွေး၊ စပါးခွံပေါင်းခံရည်ထုတ်လုပ်ပုံအဆင့်ဆင့်တို့ကို ကြည့်ရှုအားပေးပြီး ယခုထက်ပိုမိုတွင်ကျယ်စွာ ထုတ်လုပ်၍ တောင်သူများထံဖြန့်ဖြူးပေးနိုင်ရေး လမ်းညွှန်မှာကြားသည်။

ယင်းနောက် ပြည်နယ်အတွင်းရှိ ဆေးဘက်ဝင်ပရဆေးပင် ၁၀၅ မျိုးခန့်အား စုဆောင်းထားရှိသော ပရဆေးဥယျာဉ်အတွင်းရှိ ပရဆေးပင်တစ်မျိုးချင်းစီ၏ အမည်၊ အသုံးဝင်ပုံနှင့်ဈေးကွက်ရရှိမှု အခြေအနေများကိုမေးမြန်းဆွေးနွေး၍ ဥယျာဉ်အတွင်းပရဆေးပင်အမျိုးအစားနှင့်အရေအတွက် ယခုထက်ပိုမိုထားရှိစိုက်ပျိုးနိုင်ရေး လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝါးဥနှင့်အခြားသီးနှံများ အခြောက်ခံစက်၊ ကြိတ်ခွဲစက်၊ ထုတ်ပိုးစက်၊ တစ်ရက်လျှင် ပိဿာချိန် ၄၀၀ ခန့် အခြောက်ခံနိုင်သော ဝဥအခြောက်ခံစက်ကြီး၊ ဝဥ၊ ရဲယို အစရှိသော သီးနှံအပြားလှီးစက် တို့ကိုလည်းကောင်း၊ ဆေးဘက်ဝင်သီးနှံများတန်ဖိုးမြှင့်ထုတ်လုပ်ခန်းမှ အခြောက်ခံခန်း၊ အမှုန့်ကြိတ်ခန်း၊ ကြိတ်ခွဲထုတ်ပိုးခန်းနှင့် အရည်အသွေးစစ်ဆေးခန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ယခုကဲ့သို့ခေတ်မီ စက်ကိရိယာများ၊ ဓာတ်ခွဲခန်းများကိုအသုံးပြု၍ နေ့စဉ်ပုံမှန်လည်ပတ်နိုင်ရေးအတွက် လိုအပ်သည် များကို တွက်ချက်တင်ပြရန်၊ ကရင်ပြည်နယ်အတွင်းမှ ဆေးဘက်ဝင်ပရဆေးသီးနှံများအား တန်ဖိုးမြှင့်ထုတ်လုပ်၍ ပြည်တွင်း၊ပြည်ပ ဈေးကွက်သို့တင်ပို့ရောင်းချနိုင်ရေး တွန်းအားပေးကြိုးပမ်း ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး စိုက်ပျိုးရေး နည်းပညာဥယျာဉ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)