သရက်ချောင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်

သရက်ချောင်း ဖေဖော်ဝါရီ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှဦးဆောင်၍  မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် (191)စတေကာပြားများကပ်ခြင်းကို ယနေ့နံနက် ၇နာရီအချိန်က သရက်ချောင်းမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ လမ်းဆုံလမ်းခွနေရာများနှင့်ပန်းတောလမ်းဆုံတို့တွင် ဆောင်ရွက်ခဲ့သည်။

မီးဘေးလုံခြုံရေးပညာပေးစာစောင်တွင် မီးလောင်ကျွမ်းမှု ဖြစ်စေ/ သဘာဝဘေးအန္တရာယ် များဖြစ်ပေါ်သည်ဖြစ်စေမီးသတဦးစီးဌာနသို့ အကူအညီတောင်းခံလိုသည့် ဖုန်းနံပါတ်များ၊ မီးဘေးအန္တရာယ်ဖြစ်ပွားမှုလျှော့နည်းစေရန်ဆောင်ရန်/ရှောင်ရန်အချက်များ၊ကားတိုင်းတွင် မီးသတ်ဆေးဘူးဆောင်ထားသင့်ကြောင်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးဖိုအသုံးပြုလျှင် ဆောင်ရန်/ရှောင်ရန် စသည့်စိတ်ဝင်စားစရာ အကြောင်းအရာများပါဝင်သည်။

မီးဘေးနှင့်သဘာဝအန္တရာယ်ဖြစ်ပွားပါက ချက်ချင်းအကူအညီတောင်းခံနိုင်ရန်အတွက် မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရန်ဖုန်းနံပါတ်  (191) စတေကာပြားများအား ခရီးသွားသည့် ကား/ဆိုင်ကယ်များရှေ့တွင်လည်းကောင်း ၊ လမ်းဘေးဓာတ်မီးတိုင်များ၊ စျေးအတွင်း အပြင်ရှိ အများပြည်သူ မြင်သာသည့်နေရာများတွင် ကပ်နှိပ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ပေးခြင်းကို သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိသက်နိုင်လွင်နှင့်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက လက်ကမ်းစာစောင် (၂၆၀၀)၊ စတေကာအသေး(၅၀၀၀)၊ စတေကာအကြီး(၃၆၀)တို့ကို ဖြန့်ဝေပေးသွားမည်ဖြစ်ရာ ပထမအကြိမ် (၄၀)ရာခိုင်နှုန်း ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)